News

POST TYPE

POLITICAL

တပ်မတော် ထိုးစစ်ဆင်မှုများ အားလုံးရပ်တန့်ရန် UNFC သဘောထားထုတ်ပြန်
12-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁၁

လက်ရှိ မြေပြင်တွင် ရှိနေသည့် တပ်မတော်၏ ထိုးစစ်ဆင်မှုများ အားလုံး အမြန်ဆုံး ရပ်တန့်၍ နိုင်ငံရေး ဆွေးနွေးမှုနည်းကို လက်တွေ့ ကျင့်သုံးရန် လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNCF) က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

UNFC ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးကို စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး ယင်း အစည်းအဝေးတွင် ၂၁-ရာစု ပင်လုံညီလာခံနှင့် ငြိမ်းချမ်းရေး နိုင်ငံရေး ဖြစ်စဉ်များကို သုံးသပ်ဆွေးနွေးခဲ့ကြောင်း UNCF ထံမှ သိရသည်။

အဆိုပါ အစည်းအဝေးအပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကျင်းပပြီးစီးခဲ့သည့် ၂၁-ရာစု ပင်လုံညီလာခံသည် သမိုင်းဝင်ပြီး လူထုသို့ ပွင့်လင်းမြင်သာအောင် တင်ပြခဲ့သည့်အတွက် အစိုးရကို ဂုဏ်ပြုကြောင်း သို့သော်လည်း အစိုးရအနေနှင့် အားလုံး ပါဝင်ရေးကို ဆက်လက်ဖော်ဆောင်ရန် လိုအပ်နေသေးပြီး မြေပြင်တွင် မြန်မာ့ တပ်မတော်၏ ထိုးစစ်ဆင်မှုများ အားလုံးကို အမြန်ဆုံး ရပ်တန့်ကာ နိုင်ငံရေး ဆွေးနွေးမှုဖြင့် အဖြေရှာရန် လိုအပ်ကြောင်း သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် UNFC အနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအဝင်  ပြည်တွင်း ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFC သည် အပစ်ရပ်စာချုပ် (NCA ) ကို လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ကို ကိုယ်စားပြု ဆွေးနွေးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပခဲ့သော ၂၁-ရာစု ပင်လုံ ညီလာခံတွင်လည်း UNFC မှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး UNFC ၏ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စာတမ်းကို တင်သွင်းခဲ့သည်။

လက်ရှိတွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးရန် အချက်ရှစ်ချက်ကို အစိုးရထံ တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်များ ရရှိပါက NCA ကို လက်မှတ်ထိုးသွားမည်ဟု UNFC တာဝန်ရှိသူများက ပြောကြားထားသည်။

  • VIA