News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့တွင် မြန်မာသံအမတ်ကြီးများကို တွေ့ဆုံ
12-Sep-2016


(လန်ဒန်မြို့သို့ ရောက်ရှိလာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို
လာရောက်ကြိုဆိုနေသော သားအငယ်ဖြစ်သူ Kim နှင့် မြေးနှစ်ဦးဖြစ်သည့် ဂျေမီနှင့် ဂျက်စမင်တို့က 
တည်းခိုမည့် Dorchester ဟိုတယ်သို့ လာရောက်ကြိုဆိုနေကြစဉ်)

ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  စက်တင်ဘာ ၁၁ ရက်နေ့က  လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ မြန်မာသံအမတ်ကြီး  ၁၂ ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

မြန်မာသံအမတ်ကြီး ၁၂ ဦးနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် မူဝါဒနှင့် လမ်းစဉ်များ၊ ဦးစားပေး လုပ်ငန်းစဉ်များအပေါ် အသေးစိတ် ရှင်းလင်းပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟန်သူ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ယု၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ အီတလီနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်နောင်၊ ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးပေါ်လွင်စိန်၊ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအေးခိုင်၊ ဆော်ဒီ အာရေဗျနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကိုကိုလတ်၊ ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးအေး၊ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော်၊ သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစန်းလွင်၊ အီဂျစ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်တို့ တက်ရောက်ကြကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့ခရီးစဉ်၊ အမေရိကန်နိုင်ငံ တရားဝင်ခရီးစဉ်နှင့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန်အတွက် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ မိနစ်၄၀ က  ရန်ကုန်မြို့မှ ထွက်ခွာလာရာ ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဟီသရိုးလေဆိပ်သို့ ရောက်ရှိခဲ့ရာ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အန်ဒရူး ပက်ထရစ်တို့က ဟီသရိုး လေဆိပ်၌ ကြိုဆိုကြသည်။  

  • VIA