News

POST TYPE

POLITICAL

NLD ပါတီ ရှမ်းပြည်နယ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အချို့ကို CEC ဆုံးဖြတ်ချက်အရ ထုတ်ပယ်ဟုဆို
11-Sep-2016 tagged as NLD


ရန်ကုန်၊ စက်တင်ဘာ ၁၁

NLD ပါတီ ရှမ်းပြည်နယ် ဥက္ကဋ္ဌနှင့် တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌ အပါအဝင် ရှမ်းပြည်နယ် ပါတီထိပ်ပိုင်း ခေါင်းဆောင် လေးဦးအား CEC အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်သော ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် NLD ပါတီ ဗဟို အလုပ်အမှုဆောင်များဖြစ်သော ဒေါက်တာ ဇော်မြင့်မောင် (မန္တလေး တိုင်းဝန်ကြီးချုပ်)၊ ဦးမန်းဂျော်နီ (ဧရာဝတီ တိုင်းဝန်ကြီးချုပ်) အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက် ခဲ့သော်လည်း  ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့ တက်ရောက်ခြင်း မရှိပေ။ 

“ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ရှမ်းပြည်က ပါတီခေါင်းဆောင်တွေရဲ့ ကိစ္စ ပါဝင်တယ်။ သူတို့ကို CEC အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ် လိုက်ပါပြီ”ဟု ဦးဝင်းထိန်က ပြောဆိုသည်။

ရှမ်းပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုး အပါအဝင် အမှုဆောင်အချို့ကို စက်တင်ဘာလ ၄ ရက်နေ့၌ ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်၏ နှုတ်မိန့်ဖြင့် ထုတ်ပယ် လိုက်ပြီးနောက် စက်တင်ဘာလ ၅ ရက်နေ့တွင် ဦးဇော်မင်းလတ် (ဥက္ကဋ္ဌ)၊ ဦးမောင်မောင်စိန် (အတွင်းရေးမှူး)၊ ဒေါ်စန်းစန်းမောင် (အဖွဲ့ဝင်)၊ စိုင်းသိန်းဝင်းထွန်း (အဖွဲ့ဝင်) စသည့် လေးဦးကို ခန့်အပ်ကြောင်း ဦးဝင်းထိန်က လက်မှတ်ရေး အတည်ပြုခဲ့သည်။

ထိုကဲ့သို့ ဗဟိုဦးစီးစနစ်ဖြင့် ပါတီမှ ထုတ်ပယ်ခြင်းကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပယ်ခံရသူ တောင်ကြီးခရိုင် ပါတီ ဥက္ကဋ္ဌ (ဟောင်း) ဦးတင်မောင်တိုးက ဆိုသည်။ 

“ပါတီ စည်းကမ်း ထိန်းသိမ်းရေးနဲ့အညီ လုပ်ပေးဖို့ စာရေးသားပြီး တင်ပြထားတယ်။ ဒီနေ့ CEC အစည်းအဝေးအမီ ဆွေးနွေးဖို့ တင်ပြခဲ့တာ ရှိတယ်။ ရလဒ် ဘယ်လိုဖြစ်မှာလဲတော့ ကျွန်မ ကိုယ်တိုင် မသိသေးဘူး”ဟု NLD ပါတီ ရှမ်းပြည်နယ်ဥက္ကဋ္ဌ (ဟောင်း) ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

  • VIA