News

POST TYPE

POLITICAL

NLD အစိုးရလက်ထက် တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ်စာချုပ် ပထမဦးဆုံး လက်မှတ်ထိုး၊ အသစ် ၂ ဖွဲ့ပါလာ၍ စုစုပေါင်း ၁၀ ဖွဲ့ လက်မှတ်ထိုးပြီးဖြစ်
13-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ အစိုးရနှင့်တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို ဖေဖော်ဝါရီလ ၁၃ ရက် က လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ လက်နက်ကိုင်နှစ်ဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင် ပထမဦးဆုံး NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်လက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်လာမည်ဖြစ်ပြီး NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့အထိ ရှိလာမည်ဖြစ်သည်။

အဆိုပါ NCA လက်မှတ်ထိုးပွဲ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ MICC-2 ခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

NCA စာချုပ်တွင် အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ၊ မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ခေါင်းဆောင်များ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းမှ သက်သေ ၂၀ ဦးကလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) မှ ကိုယ်စားလှယ်များက အသိသက်သေအဖြင့် ဝင်ရောက် လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

ပြည်ပ အသိသက်သေများအဖြစ် ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံမှအာရှရေးရာ ကိုယ်စားလှယ်နှင့် ဂျပန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ အသီးသီး ဝင်ရောက်လက်မှတ်ထိုးခဲ့ကြသည်။

ယင်းသို့ NCA လက်မှတ်ရေးထိုးသည့် အဖွဲ့သစ်များ တိုးလာပြီးနောက်တွင် လက်မှတ်ထိုးပြီးသား အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ်များ ခိုင်မာလာစေရေး ဆက်ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်မတို့ အချင်းချင်းအကြား သဘောထား ကွဲလွဲတာတွေ ဖြစ်ပေါ်လာရင် ပင်လုံစိတ်ဓာတ်နဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာကြပါမယ်။ လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေနဲ့လည်း လက်နက်ကိုင် ပဋိပက္ခတွေ လျော့နည်းသွားအောင် တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အဖြေရှာပါမယ်။ ဒီအဖွဲ့တွေ NCA ထီးရိပ်အောက် ရောက်ရှိလာပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာအောင် ကြိုးစားပါ မယ်။ ဒီလုပ်ငန်းစဉ်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဆက်လက် လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီးသော ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ယုံမှားသံသယစိတ်များနှင့် စိုးရိမ်ပူပန်မှုများကို လျော့ပါးစေမှာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း ဆုံးဖြတ်ချက်မမှားဘဲ သံသယကင်းစွာဖြင့် ဆက်လက် ပူးပေါင်းပါဝင်ဆောင်ရွက်လာကြလိမ့်မည်ဟူသော မျှော်လင့်ချက်ကို ဖြစ်စေကြောင်း ပြောကြားသည်။

“(NCA)ကို လက်မှတ်ရေးထိုးခြင်းဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ အစိုးရနဲ့ တပ်မတော်အပေါ် အလျှော့ပေးခြင်း မဟုတ်ဆိုတဲ့ အယူအဆရှိသူတွေ၊ ပုဂ္ဂိုလ်ရေး ခံစားချက်ရှိသူအချို့လည်း တွေ့ရှိရပါတယ်။ ဒီသံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးရဲ့ အဖွဲ့ဝင်များ အနေဖြင့် မရှိကြဖို့၊ မထားကြဖို့လည်း ပြောလိုပါတယ်”ဟု ၎င်းကဆိုသည်။

ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (National Ceasefire Agreement) တွင် လက်မှတ်ရေးထိုးရန် အဖွဲ့များရှိနေကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်နေသည့် ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောကြားလိုက်သည်။

“အပေါင်းလက္ခဏာဆောင်တဲ့ အဖွဲ့တွေရှိပါတယ်”ဟု ၎င်းကပြောသည်။

သို့သော် ယင်းအဖွဲ့များ၏ အမည်ကိုပြောရန် မဖြစ်နိုင်သေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမှာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ခရီးရှည်အတွက် ခြေလှမ်းများစွာထဲမှ တစ်ခုဖြစ်ပြီး လူမှုအသိုက်အဝန်း အားလုံး၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် ဖက်ဒရယ် ပြည်ထောင်စုကြီးတစ်ရပ် ဖန်တီးနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်သည်။ 

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်ကလည်း ယင်းသို့ လက်နက်ကိုင်နှစ်ဖွဲ့ NCA ထိုးပြီးသည့်နောက် မွန်နှင့် လားဟူဒေသခံ နိုင်ငံရေးပါတီ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် လူထုသဘောထားများ ရယူကာ နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ဆောင်ကာ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့သည် ဇန်နဝါရီလ ၂၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပြီးနောက် NCA စာချုပ်ကို လက်မှတ်ထိုးရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး NCA စာချုပ်ကိုရေးဆွဲခဲ့ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လက်မှတ်ထိုးရန် ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ ဖိတ်ခေါ်မှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ကသာ ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး NCA ဆွေးနွေးစဉ်က ပါဝင်ခဲ့သည့် UNFC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များက NCA တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြခြင်း မရှိပေ။

ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင် UNFC လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ NCA လက်မှတ်ရေးထိုးရေးအတွက် ၁၇ လကျော်ကြာ ဆွေးနွေးခဲ့ရပြီးမှသာ အဆိုပါ လက်နက်ကိုင်နှစ်ဖွဲ့ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC/DPN အကြား UNFC က အဆိုပြုခဲ့သည့် တောင်းဆိုချက် ၈ ချက်ကို တရားဝင် ဆွေးနွေးပွဲ ၈ ကြိမ်၊ အလွတ်သဘော ဆွေးနွေးပွဲ အကြီးအသေး (၁၅) ကြိမ်ကျော် ညှိုနှိုင်းခဲ့ရကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ထံမှ သိရသည်။

အဆိုပါ NCA ရေးထိုးခဲ့သည့် လက်နက်ကိုင်နှစ်ဖွဲ့သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့မှ လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်ပြီး ကျန်ရှိသည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ရခိုင် အမျိုးသားကောင်စီ (ANC) အဖွဲ့တို့မှာမူ ပါဝင်လာခဲ့ခြင်း မရှိပေ။

NCA လက်မှတ်ရေးထိုးပွဲ မတိုင်မီက UNFC အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သော ရခိုင်အမျိုးသားကောင်စီ (ANC) အဖွဲ့ကလည်း ပါဝင်လက်မှတ်ထိုးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ပွဲကျင်းပမည့် ရက်မတိုင်မီ တစ်ရက်အလိုတွင် ANC အဖွဲ့က တက်ရောက်မည်မဟုတ်ကြောင်း ကြေညာချက် ထုတ်ခဲ့သည်။

အဓိက အကြောင်းရင်းအနေနှင့် တန်းတူရေးနှင့် အားလုံး ပါဝင်နိုင်သည့် အခင်းအကျင်း မရှိသောကြောင့် NCA အခမ်းအနားကို မတက်ရောက်ရခြင်းဖြစ်ကြောင်း ANC အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို အဆိုပါ မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့နှစ်ဖွဲ့ အပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA - PC)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ နှင့် ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးထားသည်။ 

J-08, S-01