News

POST TYPE

POLITICAL

မှန်သယောင်ဖန်တီးထားသော သတင်းနဲ့ ဥပဒေအမြင်
12-Feb-2018
လှန့်လုံး

၉-၂-၂၀၁၈ ရက်နေ့။ ဒီမနက်မှာ အလွန် အင်မတန်မှထူးခြားတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ “ဝေးလံခေါင်ဖျားသည့် ကျေးရွာ တစ်ခုတွင် မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင်ရွာသား များက ရိုဟင်ဂျာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး၊ သတ်ဖြတ်ခဲ့ ကြသည်”တဲ့ဗျ။ ဒီသတင်းကို လက်ရှိမြန်မာအစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခြင်းခံထားရပြီး တရားရုံးမှာ တရားရင်ဆိုင်နေဆဲဖြစ်တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦး၊ Simon Lewis နဲ့ Antoni Slodkowski တို့က ရေးတယ်လို့ ဖော်ပြထားပါတယ်။

သတင်းမှန်တာ မှားတာထက် သတင်းခေါင်းစဉ်တပ်ပုံကို ဖတ်လိုက်ရကတည်းက လက်ရှိ မြန်မာနိုင်ငံအစိုးရ ရင်ဆိုင်နေရတဲ့ ရခိုင်အရေး အကျပ်အတည်းကို လှုပ်ခတ်အောင် တွန်းအားပေးမယ့် ဖိအားတစ်ခု ဖြစ်လာစေနိုင်တဲ့အပြင် လက်ရှိအမှုရင်ဆိုင်နေဆဲ မြန်မာသတင်းထောက် နှစ်ဦးအတွက်လည်း ပိုပြီးဝန်ပိသွားစေနိုင်မလားလို့ အတွေးဝင်မိတယ်။ ပြီးတော့ ဒီသတင်းခေါင်းစဉ်ကို ဖတ်လိုက်မိတာနဲ့တင် ဒီသတင်းဟာ တမင်ရည်ရွယ်ချက်ရှိရှိ မရိုးမဖြောင့်တဲ့ အကြံအစည်နဲ့ အချိန်ကိုက် ဖောက်ခွဲလိုက်တဲ့ “လှန့်လုံး”တစ်ခု၊ အဆန်မပါတဲ့ သြင်္ကန်အမြောက်တစ်ခုထက် မပိုဘူးဆိုတာကိုလည်း တန်းခနဲ သိလိုက်ပါတယ်။

ဖတ်ကြည့်လေ။ “ရိုဟင်ဂျာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး၊ သတ်ဖြတ်ခဲ့ကြသည်”တဲ့ဗျ။ “...ဟုသိရသည်”၊ “...ဟုဆိုသည်” “...ဟု ထုတ်ဖော်ပြောကြားခဲ့သည်။”လို့ တစ်ဆင့်ခံ သတင်းဖော်ပြချက်မျိုး ရေးထားတာ မဟုတ်ဘဲ သတင်းထောက်တွေ ကိုယ်တိုင် သတင်းဖြစ်တဲ့အရပ်၊ သတင်းဖြစ်တဲ့အချိန်မှာ ရှိနေကြပြီး ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ကြား၊ ကိုယ်တိုင်တွေ့ကြုံခဲ့သယောင် “...ခဲ့ကြသည်။”လို့ တိတိကျကျ ရေးသားဖော်ပြထားတာကို သတိပြုမိလိုက်တဲ့အတွက် ဒါဟာဖြင့် “လံကြုတ်သတင်း” စစ်စစ်ပဲလို့ ချက်ချင်းပဲ အမြင်ရှင်းသွားမိလိုက်ပါရဲ့။

တစ်ဆင့်ခံသတင်း (Reported News)

ဖတ်ရတဲ့သတင်းမှာတော့ “ရိုက်တာသတင်းကို သူတို့ရဲ့ မြန်မာပြန် မူရင်း၊ သူတို့သတ်ပုံအတိုင်း လုံးဝ မပြုမပြင်ဘဲ သူတို့ ဝက်ဘ်ဆိုက်ကနေ ကူးယူတင်ထားတာ ဖြစ်ပါတယ်။ အဖမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ရေးတဲ့သတင်းပါ”လို့ ဖော်ပြထားသေးပါရဲ့။ သတင်းကို စိတ်ဝင်စားမိလို့ သေသေချာချာ ဂရုတစိုက် ဖတ်ဖြစ်ပါတယ်။ 

သတင်းအကြောင်းအရာ အကျဉ်းချုပ်ကတော့ ၂၀၁၇ စက်တင်ဘာ ၂ ရက် နံနက်က ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အင်းဒင်ကျေးရွာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့များရဲ့ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂါလီ (မူရင်းမှာ ရိုဟင်ဂျာ) ၁၀ ဦးကို မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ ဗုဒ္ဓဘာသာဝင် ရွာသားများက သတ်ပစ်ခဲ့တဲ့အကြောင်း ဓာတ်ပုံမှတ်တမ်းများနဲ့ တွဲပြီးရေးသားဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အနည်းဆုံးနှစ်ဦးကို ဗုဒ္ဓဘာသာ ရွာသားများက သေသည်အထိ ခုတ်ထစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသူများကို စစ်သားများက ပစ်သတ်ခဲ့ကြောင်း၊ Reuters သတင်းဌာနရဲ့ သတင်းထောက်လှမ်း သိရှိခဲ့မှုကို ပြန်လည် ရေးသားဖော်ပြခြင်းပါပဲ။ သတင်းက စိတ်ဝင်စားစရာပါ။

သတင်းဆိုတာ တစ်ဆင့်ခံ ဖော်ပြချက်ဖြစ်တယ်

ဘယ်သူကရေးရေး၊ ဘယ်နိုင်ငံ၊ ဘယ်သတင်းဌာနကရေးရေး၊ ဘယ်အကြောင်းအရာကို ဘယ်အချိန်မှာရေးရေး သတင်း (News) ဆိုတာ သူတစ်ပါးမြင်တာ၊ ကြားတာ၊ တွေ့ကြုံတာတွေကို မေးမြန်းထောက်လှမ်းပြီး စာဖတ်သူကို ပြန်လည် အသိပေးရတဲ့ တစ်ဆင့်ခံဖော်ပြချက် (Reported Speech) များတာပါပဲ။ ကိုယ်တိုင်မြင်၊ ကြား၊ တွေ့ကြုံတာတွေကို အသိပေးဖော်ပြတဲ့ တိုက်ရိုက်ဖော်ပြချက် (Direct Speech) က နည်းပါတယ်။ ဒါဟာ သတင်းလောကရဲ့ သတင်းဆိုင်ရာ အခြေခံနှုန်းစံပါပဲ။ တင်ပြပုံ (Presentation) ဘယ်လိုရှိရှိ သတင်းဆိုတာ သူတစ်ပါးရဲ့ အတွေ့အကြုံများကို ပေါင်းစပ် တည်ဆောက်ရယူပြီး ပြန်လည် ဖြန့်ဝေကြရတာချည်းပါပဲ။ 

ကိုယ်တိုင်ပဲ မြင်၊ ကြား၊ သိသလိုလို

အင်းဒင်ရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ ဒီသတင်းကို Reuters က ရေးသားဖော်ပြရာမှာတော့ တိုက်ရိုက် ဖော်ပြချက်တွေရော၊ တစ်ဆင့်ခံ ဖော်ပြချက်တွေရော၊ အရောရော အထွေးထွေး ဖွဲ့စည်းတည်ဆောက်ထားတာကို အမှတ်ထင်ထင် တွေ့ရတယ်။ ဒါက ကိုယ်ရေးတဲ့ သတင်းရဲ့တန်ဖိုးကို မြှင့်တင်လိုတဲ့အခါ၊ ကိုယ်ရေးတဲ့သတင်းကို စာဖတ်သူက အမှန်လို့ ယုံကြည်လာအောင် ဖန်တီးလိုတဲ့အခါ သတင်းသမားများ မကြာခဏ မှားလေ့ရှိတဲ့ အမှားမျိုးဖြစ်သလို နိုင်ငံတကာမှာတော့ ဒီသတင်းရေးနည်း ပရိယာယ်ကိုသုံးပြီး မှန်သယောင် ဖန်တီးထားတဲ့သတင်းတွေနဲ့ နိုင်ငံရေး ထိုးနှက်မှုတွေကို ပြုလုပ်လေ့ ရှိတတ်ကြပါတယ်။ ယခု ဒီအင်းဒင်ရွာကဖြစ်ရပ်နဲ့ ပတ်သက်တဲ့ Reuters က သတင်းကလည်း လိုသလိုဖြတ်ညှပ်ကပ်ထားတဲ့ Made in Reuters လုပ်ကြံသတင်း တစ်ပုဒ်ပါပဲ။

နောက်မှရတဲ့အကြံ(After Thought)

ထူးဆန်းတာက Reuters က ဒီသတင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက် ကာလအတန်ငယ်ခြားခဲ့ပြီးမှ တင်ပြလာတဲ့အချက်ပါ။ Reuters ရဲ့ သတင်းက သတင်းဦး မဟုတ်သလို သတင်းထူးလည်း မဟုတ်ပါဘူး။ နောက်ဆက်တွဲ သတင်းအဖြစ်လောက်ပဲ သတင်းတန်ဖိုး ရှိပါတယ်။ 

ဥပဒေနယ်ပယ်မှာတော့ နောက်မှရတဲ့အကြံ၊ After Thought နဲ့ တင်ပြသမျှသက်သေတွေ၊ သက်သေခံ အထောက်အထားတွေကို တန်ဖိုးရှိ သက်သေအဖြစ်၊ သတ်မှတ်လက်ခံလေ့ မရှိပါဘူး။ ကိုယ်အားကိုးအားထား ပြုလောက်စရာ တန်ဖိုးရှိသက်သေတွေရှိခဲ့ရင် အစောဆုံး တင်ပြထားကြရပြီး ကန့်ကွက်စရာ အကြောင်းခြင်းရာ ရှိခဲ့ရင်လည်း ချက်ချင်းပဲ ဆောလျင်စွာ ကန့်ကွက်ကြရပါတယ်။ Reuters ရဲ့ ဒီသတင်းကဖြင့် အရေးမပါတဲ့ After Thought သက်သက်ပါ။ (Reuters သတင်းထောက်နှစ်ဦးအဖို့တော့ ဒီသတင်းက “ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးခါမှ ဆေးအတွက် ပိုလေး”ဆိုသလို သူတို့အပေါ် နှောင်တည်းစရာ နောက်ထပ် ဥပဒေကြိုးတစ်ချောင်း ကမ်းပေးလိုက်တာနဲ့ အတူတူပါပဲ။)

ဥပဒေစကား၊ ဥပဒေအမြင်

သတင်းမီဒီယာနဲ့ ဥပဒေလောကဆိုတာ ခရီးတစ်ကြောင်းတည်း အတူတူ သွားနေကြတာချင်း တူပေမယ့် ရပ်တည်ချက်နဲ့ အလုပ်လုပ်ကြရပုံတွေက မတူပါဘူး။ 

မီဒီယာသမားက သတင်းမီဒီယာ ကျင့်ဝတ်နဲ့ နိုင်ငံတကာသတင်း မီဒီယာနှုန်းစံတွေကို လိုက်နာရကောင်း လိုက်နာရပါလိမ့်မယ်။ ဥပဒေသမားကတော့ ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် တည်ဆဲ ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်သလား ဆိုတာကိုပဲ ဦးစွာ ကြည့်ရပါတယ်။ ဥပဒေနဲ့အညီ မဟုတ်ဘဲ ဘယ်အကြောင်းခြင်းရာကိုမှ အမှန်လို့ မသတ်မှတ်ရပါဘူး။ ဥပဒေဆိုတာ ဥပဒေနဲ့ ညီညွတ်စွာ တရားမျှတမှုကို ရှာဖွေတဲ့လုပ်ငန်း (Process of searching for justice)ဖြစ်ပါတယ်။

ဒီတော့ ဥပဒေအမြင်အရ Reuters ရဲ့ အင်းဒင်ရွာနဲ့ပတ်သက်တဲ့ ဒီသတင်းဟာ ဥပဒေသမားရဲ့အမြင်မှာ စွပ်စွဲချက် (Accusation) တစ်ခုထက် မပိုပါဘူး။ 

ဒုတိယအဆင့် သက်သေခံ

Reuters သတင်းထဲမှာ ဖော်ပြတဲ့ အချက်အလက်၊ အကြောင်းခြင်းရာ၊ ဓာတ်ပုံတွေဟာ Reuters သတင်းသမားတွေ ကိုယ်တိုင်၊ မြင်၊ တွေ့၊ ကြားခဲ့ရတဲ့ အချက်အလက် (Primary Evidence) တွေ မဟုတ်ဘူး၊ သတင်းရင်းမြစ်များက မြင်၊ တွေ့၊ ကြားရတဲ့ အချက်အလက်များကို ထပ်မံဖော်ပြချက်၊ (Secondry Evidence) များသာဖြစ်တယ်။ သတင်းအရင်းအမြစ်တွေကိုလည်း တိတိကျကျ ဖော်ပြနိုင်ခြင်း မရှိတဲ့အပြင် “သတင်း အရင်းအမြစ်များ”ကို “သက်သေ (Witness)”လို့ သုံးနှုန်းထားပုံက အထူး အာရုံစိုက် သတိပြုစရာ ဖြစ်စေပါတယ်။ “Reuters ၏ စုံစမ်းစစ်ဆေးခြင်းများဆိုတဲ့ အသုံးအနှုန်းကလည်း သတင်းဌာနတစ်ခုရဲ့ သတင်းထောက်လှမ်း မေးမြန်းပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်ခဲ့ကြောင်း အလိုအလျောက် ဝန်ခံထားသလိုပါပဲ။ Reuters သတင်းသမားတွေ ကိုယ်တိုင် မြင်၊ တွေ့၊ ကြား ပါဝင်ခဲ့ရခြင်း မရှိတဲ့အဖြစ်အပျက်ကို ကိုယ်တိုင် မြင်၊ တွေ့၊ ကြား ပါဝင်ခဲ့သယောင်ယောင် ဖော်ပြထားတာက စွပ်စွဲအပုပ်ချလိုတဲ့ ရည်ရွယ်ရင်းစိတ် (Motive)ကို ပီပြင်ပေါ်လွင်စေပါတယ်။ 

ဥပဒေသဘောအရ ဒုတိယအဆင့် သက်သေခံချက်လောက်ပဲ တန်ဖိုးရှိတဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်တွေကို မှန်ကန်တဲ့အကြောင်း ဘယ်လို စစ်ဆေးထားခဲ့သလဲ။ နောက်ထပ် ဘယ်လိုသတင်း အရင်းအမြစ်တွေနဲ့ အပြန်အလှန် နှိုင်းယှဉ် တိုက်ဆိုင်ထားသလဲလို့ Reuters ကိုမေးရင် ဘယ်လိုများ ပြန်ဖြေလိမ့်မလဲ။ သိချင်မိတယ်။ Reuters ကို သတင်းပေးတဲ့ သတင်းရင်းမြစ်တွေကရော ဘယ်လောက် ယုံကြည်ရသလဲ။ သတင်းကို အဖိုးစားနား တစ်စုံတစ်ရာပေးပြီးမှ ဝယ်ယူခဲ့တာဆိုရင်တော့ အဲ့ဒီသတင်းရဲ့ စစ်မှန်မှုဟာ သံသယဝင်စရာ ဖြစ်သွားပါပြီ။ ဒီသတင်းတွေကို ငွေပေးဝယ်ခဲ့တာ မဟုတ်ဘူးလို့ Reuters က ငြင်းရဲသလား။

ဓာတ်ပုံတွေ

Reuters သတင်းနဲ့အတူ ဓာတ်ပုံတွေကို ပူးတွဲ ဖော်ပြထားတာ တွေ့ပါတယ်။ ရခိုင်လူကြီးတစ်ဦးက ပေးတယ်လို့လည်း သတင်းရင်းမြစ်ကို ဖော်ပြထားပြီး ဓာတ်ပုံနဲ့ပတ်သက်လို့ အသေးစိတ် ရှင်းလင်းဖော်ပြထားတာ မတွေ့ရဘဲ “ညနေခင်း၌ ရိုက်ကူးထားသော ဓာတ်ပုံတွင် ၎င်းပုဂ္ဂိုလ်ဆယ်ဦး ရွာလမ်းကြားတစ်ခုပေါ်၌ ဒူးထောက်နေသည်ကို တွေ့ရကြောင်း၊ စက်တင်ဘာ ၂ ရက်နေ့တွင် ၎င်းတို့အား သင်္ချိုင်းတစ်ခုအနီးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း”လို့ ဖော်ပြထားပါတယ်။ ပုံထဲမှာ ရွာလမ်းကြားမဟုတ်ဘဲ မြက်ခင်းကွင်းပြင်ဖြစ်နေတာ တွေ့ရသလို သေဆုံးနေသူများရဲ့ပုံနဲ့ ဖမ်းဆီးခံထားရသူများဟာ အတူတူ ဟုတ် မဟုတ် အင်္ကျီ အဝတ်အစားမှအပ မျက်မြင်စစ်ဆေးလို့ မရနိုင်တဲ့အခြေအနေပါ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့သတင်းကို နောက်က သံယောင်လိုက်ပြီး တမင်ဖန်တီးထားတဲ့ လံကြုတ်သတင်းလို့ပဲ ယူဆရတော့မှာ ဖြစ်ပါတယ်။ သင်္ချိုင်းက ကျင်းရဲ့ဓာတ်ပုံကိုကြည့်ရင် ချက်ချင်း တူးထားတဲ့ကျင်း မဟုတ်ဘဲ ကျင်းဟောင်းကြီးဆိုတာ သိပ်သိသာလွန်းပါတယ်။ ARSA အကြမ်းဖက်သမားတွေက ဒီလိုကျင်းမျိုးတွေ အများကြီး ကြိုတူးထားခဲ့ကြတယ်ဆိုတာ ARSA အကြမ်းဖက်ဒဏ်ခံ ဒေသတွေမှာနေခဲ့ကြတဲ့ ဒေသခံတွေ အသိဆုံးပါပဲ။ လုပ်ဇာတ်က သိပ်မသပ်ရပ်လှပါဘူး။

အယားပြေ

Reuters ရဲ့ အင်းဒင်ရွာသတင်းဟာ ဖြစ်ရပ်မှန်ကို မီးမောင်းထိုးမပြနိုင်ဘဲ သတင်းအရေးအသား အတတ်ပညာသက်သက်နဲ့ ရခိုင် အကျပ်အတည်းအရေး သတင်းဆာလောင်သူများကို အာလယဖြေပေးတဲ့ “အယားပြေ” သတင်းတစ်ပုဒ်ပါပဲ။ ဥပဒေအမြင်အရလည်း ခိုင်မာမှုမရှိ၊ တန်ဖိုးမရှိလှတဲ့ စွပ်စွဲချက်တစ်ခု သက်သက်ပဲလို့သာ အမှန်အတိုင်း မြင်မိကြောင်းပါ။

ဇေယျမင်းသျှင် (၉-၂-၂၀၁၈)