News

POST TYPE

POLITICAL

ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေး ကော်မတီအ စည်းအဝေး ကျင်းပမည်
10-Sep-2016

ရန်ကုန်၊ စက်တင်ဘာ  ၁ဝ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးကို လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း JMC မှ ထုတ်ပြန်ထားသည်။

အစည်းအဝေးတွင် ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး (JMC) ကို ပိုမို တိုးမြှင့် ဖွဲ့စည်းရေး၊ ပစ်ခတ်တိုက်ခိုက်မှု အခြေအနေများ၊ စောင့်ကြည့်ရေးအတွက် အသုံးပြုမည့် ရန်ပုံငွေများ  စသည်တို့ကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း ယင်းကော်မတီဝင်များထံမှ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ကို အစိုးရ၊ တပ်မတော်၊ အပစ်ရပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် အရပ်ဘက်မှ စောင့်ကြည့် လေ့လာသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယခင်ဦးသိန်းစိန် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့တို့ လက်မှတ်ရေးထိုးပြီး နောက်ပိုင်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင် JMC ကို ဖွဲ့စည်းခဲ့သည်။ 

  • VIA