News

POST TYPE

POLITICAL

ဘားအံယဉ်ကျေးမှုပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်
06-Feb-2018
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ် ဘားအံမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)အထိ ကျင်းပမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်ကြောင်း ကရင်ပြည်နယ် အစိုးရထံမှ သိရသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံ အပါအဝင် ပြည်ထောင်စုအစိုးရကို ယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲတက်ရောက်ရန် ပြီးခဲ့သည့်ရက်ပိုင်းက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အဆိုပါ အခမ်းအနားသို့ မတက်ရောက်ဖြစ်သော်လည်း ပြည်ထောင်စုအစိုးရမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောကြားသည်။

“အမေက (ဒေါ်အောင်ဆန်းစုကြည်) မအားဘူးနဲ့ တူပါတယ်။ သူတော့ မတက်ဖြစ်ဘူးလို့ အကြောင်းပြန်ထားတယ်။ ပြည်ထောင်စုအဖွဲ့က ဒေါက်တာဖေမြင့်နဲ့ ဦးနိုင်သက်လွင်ကတော့ တက်ဖို့ သေချာတယ်။ တခြားဝန်ကြီးအချို့လည်း တက်မယ်လို့တော့ သိရတယ်”ဟု ၎င်းကဆိုသည်။

ကရင်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်မည့်အဆိုပါ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်တွင် တိုင်းရင်းသားတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများ၊ စာပေနှင့် အနုပညာဆိုင်ရာများကို ထည့်သွင်းပြသသွားမည်ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း တိုင်းရင်းသား လူမျိုးများဖြစ်သော ကရင်၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ ရှမ်းတိုင်းရင်းသား ငါးမျိုး၏ ရိုးရာယဉ်ကျေးမှုများကို အဓိကထား ပြသသွားမည်ဖြစ်ပြီး ရိုးရာအစားအသောက်များ ရောင်းချခြင်း၊ ကပွဲများ ပြုလုပ်ခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါ ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းကလည်း ကယားပြည်နယ် လွိုင်ကော်မြို့သို့ ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေး စကားဝိုင်းတစ်ရပ်ကိုလည်း လူငယ်များနှင့် ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရတာဝန်ယူပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများအဖြစ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (ပင်လုံခရီးစဉ်)နှင့် ရခိုင်ပြည်နယ် မောင်တောဒေသနှင့် ကယားပြည်နယ်များသို့ သွားရောက်ထားသည်။

J-08