News

POST TYPE

POLITICAL

မွန်ပြည်သစ်နှင့် လားဟူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၌ အပစ်ရပ်ထိုးမည်
05-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ရက် (ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့) တွင် ပြုလုပ်မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးအပြီးတွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့အကြား NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်တွင် နေပြည်တော် MICC–II ၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတော် အစိုးရအနေနဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ကို နွေးထွေးစွာနဲ့ ရင်းရင်းနှီးနှီး ကြိုဆိုဖို့ တာဝန်ရှိသလို ဒီ NCA စာချုပ် လက်မှတ်ရေးထိုးပွဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးနိုင်အောင် ဆောင်ရွက်ပေးဖို့ဟာ ကျွန်တော်အားလုံးရဲ့ အဓိက တာဝန်ပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့သည် ဇန်နဝါရီလ ၂၃ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပြီးနောက် NCA စာချုပ်ကို လက်မှတ်ထိုးရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်ကြပြီး ကျန်သည့်အဖွဲ့ နှစ်ဖွဲ့ဖြစ်သော ရခိုင်အမျိုးသားကောင်စီ (ANC) နှင့် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်လာခြင်း မရှိသေးပေ။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA- PC)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) စသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ လက်မှတ်ရေးထိုးထားသည်။ 

J-08