News

POST TYPE

POLITICAL

ရခိုင်အကြံပေးကော်မတီမှ အမေရိကန် သံတမန်ဟောင်း နုတ်ထွက်၊ ရိုက်တာသတင်းထောက်ကိစ္စ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ခွင့်မပေး၍နုတ်ထွက်ဟု အစိုးရပြော
ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးရေးအဖွဲ့တွင် ပါဝင်သူ အမေရိကန်ပြည်ထောင်စုဝန်ကြီး ဟောင်း ဘီလ်ရတ်ချက်ဆန်သည် ဇန်နဝါရီလ ၂၄ရက်နေ့က နုတ်ထွက်သွားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရိုက်တာသတင်းသမားကိစ္စမေးရန် ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ခွင့်တောင်းသည်ကို အစိုးရက ခွင့်မပြုလိုက်ခြင်းက နုတ်ထွက်ရန် တွန်းအားတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

“အကြံပေးဆိုရင် တစ်နိုင်ငံလုံးဆိုင်ရာကိစ္စတွေ အကြံပေးဖို့ မဟုတ်ဘူး။ ရခိုင်ပြည်နယ် Issue ကိုပဲ အကြံပေးဖို့ Mandate ရှိတယ်ဆိုတာကို သူ ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ ခွင့်တောင်းဆိုတယ်။ ဘာအတွက်လဲဆိုတော့ သတင်းထောက်တွေ ကိစ္စဆိုတော့ ခွင့်မပြုဘူး။ သူ့ကိုခေါ်တာက ဒီကိစ္စတွေလုပ်ဖို့မှ မဟုတ်ဘဲ”ဟု ၎င်းကဆိုသည်။

အစည်းအဝေးတွင်လည်း Freedom of Expression ကိစ္စ၊ ဒီမိုကရေစီ တန်ဖိုးတို့ကို ထည့်သွင်း ဆွေးနွေးလာခြင်းကြောင့် ယခုကဲ့သို့ အဆင်မပြေဖြစ်ရခြင်းဖြစ်ကြောင်း ပြဿနာ အကြောင်းရင်းမှာ Mandate ကို ကျော်လွန်ပြီး ပြုမူပြောဆိုလာခြင်းကြောင့်ဟု ၎င်းကရှင်းပြသည်။

အမေရိကန် သံတမန် ဘီလ်ရော ဘတ်ဆန်က နုတ်ထွက်အပြီးတွင် မီဒီယာအချို့ကို တွေ့ဆုံဖြေကြားရာတွင် ၎င်းနုတ်ထွက်ရသည့် အကြောင်းရင်းမှာ ယင်းကော်မတီသည် အစွန်းချွတ်ခြင်း ဖြစ်နေသောကြောင့်ဖြစ်ကြောင်း၊ အစိုးရကို မြှောက်ပင့်ဂုဏ်ပြုပေးရသည့်အဖွဲ့တွင် ၎င်း မပါဝင်လိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်သော သတင်းယူနေသူ ရိုက်တာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးထားမှုကို တင်ပြသောအခါ ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ဆိုးသွားပုံရပြီး ယင်းကိစ္စသည် အကြံပေးအဖွဲ့၏ အလုပ်နှင့်မပတ်သက်ဟု ပြောဆိုသွားသည်ဟု ဘီလ်ရစ်ချတ်ဆန်က ပြောကြားသည်။

“ကျွန်တော် သူ့ကို အများကြီး သဘောကျတယ်။ လေးစားတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်ကိစ္စမှာ ကျင့်ဝတ်နဲ့ညီတဲ့ ဦးဆောင်မှုကို မပြသနိုင်ဘူး။ ဒီအချက်ကို ကျွန်တော် စိတ်မကောင်းဘူး”ဟု ၎င်းကဆိုသည်။

သို့သော် ယင်းကော်မတီမှ တောင်အာဖရိက ကာကွယ်ရေး ဝန်ကြီးဟောင်း ရိုလော့ဖ်မီယာသည် ကျန်ကော်မတီဝင်များနှင့်အတူ ရခိုင်ပြည်နယ်သို့ ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့ပြီး ယခုခရီးစဉ်သည် များစွာ အပြုသဘောဆောင်သည်ဟု ပြောကြားလိုက်သည်။ 

အကြံပေးအဖွဲ့သည် အစိုးရ ကိုယ်စားပြု သဘောထားကို ရော်ဘာတံဆိပ်တုံး နှိပ်ပေးနေခြင်းဖြစ်သည်ဟူသော ဝေဖန်မှုသည် လုံးဝ မှန်ကန်မှုမရှိ၊ မျှတမှု မရှိကြောင်းနှင့် ယခုအချိန်အထိ မည်သည့်အကြံပြုချက်မှ မပေးရသေးကြောင်း ရိုလော့ဖ်မီယာက ရှင်းလင်းပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့တွင် ဘီလ်ရစ်ချက်ဆန် မပါဝင်သော်လည်း ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်ဟောင်း Prof. Dr. Surakiart Sathirathai ဦးဆောင်ပါဝင်သည့် အဖွဲ့ဝင် ၉ ဦးဖြင့် အောင်မြင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အကြံပေးရေးအဖွဲ့ခေါင်းဆောင် ဦးဆောင်သည့်အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၄ ရက်မှစ၍ တောင်ပြိုလက်ဝဲနယ်စပ်ရှိ ဒုက္ခသည်ပြန်လည် လက်ခံရေးစခန်း၏ ပြင်ဆင်ထားမှု အခြေအနေတို့ကို ကွင်းဆင်းလေ့လာလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနထံမှ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်ဟောင်း Prof. Dr. Surakiart Sathirathai ကဦးဆောင်ပြီး တောင်အာဖရိက ကာကွယ်ရေး ဝန်ကြီးဟောင်း Meyere၊ ဗြိတိန်ဘုရင့် ကောင်စီအဖွဲ့ဝင်ဟောင်း ပါမောက္ခ Lord Derzi နှင့် နှုတ်ထွက်ခဲ့သော အမေရိကန်ပြည်ထောင်စု ဝန်ကြီးဟောင်း ဘီလ်ရစ်ချက်ဆန်နှင့် ဝါရင့်သံတမန်နှင့် ပညာရှင် ငါးဦး ထည့်သွင်းခန့်အပ်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ပါဝင်သည့် ပညာရှင်များအနေဖြင့် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း ဦးထွန်းမြတ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ အငြိမ်းစား သံအမတ်ကြီး ဦးလှမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ညိုနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး အပါအဝင် စုစုပေါင်း ၁၀ ဦးတို့ကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က ဖွဲ့စည်းပေးခဲ့သည်။

J-17/F-01