News

POST TYPE

POLITICAL

ကိုဖီအာနန် အနေနှင့် ရခိုင်အရေးကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတဆို
08-Sep-2016

နေပြည်တော် ၊စက်တင်ဘာ ၈

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် အနေနှင့် ကျွမ်းကျင်သော ခေါင်းဆောင်မှုဖြင့် ရခိုင်ပြဿနာကို ချဉ်းကပ် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စက်တင်ဘာ ၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင်  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်ကို  လက်ခံတွေ့ဆုံရာတွင်  အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးမှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ကိစ္စသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ် တစ်ခုဖြစ်သောကြောင့် ယင်းကော်မရှင်ကို မစ္စတာ ကိုဖီအာနန် ဦးဆောင်ဖြေရှင်းရန် ခန့်အပ်ထားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မရှင်ကို နိုင်ငံတကာ အတွေ့အကြုံများဖြင့် ပေါင်းစပ် သုံးသပ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်သောကြောင့် မြန်မာနိုင်ငံ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်လိုကြောင်း ကိုဖီအာနန်က ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။

ယင်းအပြင် ကိုဖီအာနန်အနေနှင့် ရခိုင်ပြည်နယ် ခရီးစဉ်တွင် ဒီမိုကရေစီ စနစ်နှင့်အညီ ဆန္ဒဖော်ထုတ်မှုများ ကြုံတွေ့ခဲ့ရခြင်းကိုလည်း နားလည် လက်ခံကြောင်း၊ ကော်မရှင်အနေဖြင့် လူထု၏ သဘောထားများ တောင်းခံရာတွင် လိုအပ်ချက်များအား ရှင်းရှင်းလင်းလင်း သိလိုသည်ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

  • VIA