News

POST TYPE

POLITICAL

ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေကြမ်း လွှတ်တော်တင်
08-Sep-2016 tagged as ဥပဒေ

နေပြည်တော်၊ စက်တင်ဘာ ၈

နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေခြင်း၊ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊စုံထောက်ခြင်းနှင့် စုံစမ်းခြင်းတို့ကို တားမြစ်သည့်အချက်များ ပါဝင်သော  ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို လွတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။

ယင်းဥပဒေကြမ်းကို စက်တင်ဘာ ၈ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင်  ဥပဒေကြမ်း ကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်သည်။

တည်ဆဲဥပဒေနှင့်အညီ မဟုတ်ပါက မည်သူ့ကိုမျှ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရန် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော် လုံခြုံရေး ၊တရားဥပဒေ စိုးမိုးရေး၊အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးအတွက် ဥပဒေနှင့်အညီ ကြိုတင် ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်က ခွင့်ပြုသည့် ကိစ္စရပ်မှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရဘဲ မည်သူ့ကိုမျှ ၂၄နာရီ ထက်ပို၍ ချုပ်နှောင်ခြင်း ပြုနိုင်မည်မဟုတ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ယင်းအပြင် ဥပဒေနှင့်အညီ ခွင့်ပြုမိန့် တစ်စုံတစ်ရာ မရရှိဘဲ ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ် ဆက်သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်း မပြုရန်၊ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေသည့် သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊စုံစမ်းခြင်းတို့ကိုပါ မပြုလုပ်ရကြောင်း ဖော်ပြထားသည်။

ဥပဒေတွင် ပြဌာန်းထားမြစ်ထားသည့် တားမြစ်ချက်များကို လုပ်ဆောင်ကြောင်း ထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်ပြီး အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ် ၂၅သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပါရှိသည်။

”နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့် လုံခြုံခွင့်ကို နိုင်ငံတော်က တာဝန်ခံရမယ်။ နိုင်ငံတော်က တာဝန်ခံဖို့အတွက် ဒီဥပဒေကို ပြဌာန်းတာ”ဟု ဥပဒေကြမ်း ကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်းက ပြောသည်။

ဥပဒေကြမ်းပါ ကိစ္စရပ်များကို ပြည်ထဲရေး ဝန်ကြီးဌာနမှတာဝန်ယူ ဆောင်ရင်္ွက်ရမည်ဟု ဖော်ပြထားပြီး အရေးယူ ဆောင်ရွက်ရန် တိုင်တန်းချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊သတင်းပေးချက်ကို လက်ခံရရှိလျှင်ဖြစ်စေ မည်သည့် ရဲတပ်ဖွဲ့ စခန်းမှူးမဆို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄နှင့်အညီ ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန် ဥပဒေကြမ်းတွင် တွေ့ရှိရသည်။

ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက စက်တင်ဘာ ၁၂ ရက် နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာသည်။

  • VIA