News

POST TYPE

POLITICAL

ရှမ်းပြည်နယ် NLDပါတီအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ခြင်း CEC ဆုံးဖြတ်ချက် မဟုတ်ဟုဆို
08-Sep-2016

ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌနှင့် ခရိုင်ဥက္ကဋ္ဌအသစ်များ ထပ်မံဖွဲ့စည်းရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ၏ ဆုံးဖြတ်ချက်အရ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း မဟုတ်ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များထံမှ သိရသည်။

ရှမ်းပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်ခင်မို့မို့၊ တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုး အပါအဝင် ပြည်နယ်အလုပ်အမှုဆောင် အချို့ကို ကို စက်တင်ဘာလ (၄) ရက်နေ့၌ ပါတီအတွင်းရေးမှုး အဖွဲ့ဝင် ဦးဝင်းထိန်က နှုတ်မိန့်ဖြင့် ထုက်ပယ်လိုက်ပြီးနောက် စက်တင်ဘာလ (၅) ရက်နေ့တွင် ဦးဇော်မင်းလတ် (ဥက္ကဋ္ဌ)၊ ဦးမောင်မောင်စိန်(အတွင်းရေးမှူး) ဒေါ်စန်းစန်းမောင်(အဖွဲ့ဝင်)၊စိုင်းသိန်းဝင်းထွန်း(အဖွဲ့ဝင်) အဖြစ် ခန့်အပ်ကြောင်း အမိန့်စာကို ဦးဝင်းထိန်ကပင် လတ်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ 

“ဘယ်လိုပြန်ဖွဲ့တယ် ဆိုတာကတော့ နေပြည်တော်ကို မေးမှရမယ်။ ကျွန်တော်တို့လည်း မသိဘူး။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကတော့ လုံးဝမရှိသေးဘူး။ အလုပ်အမှုဆောင်အဖွဲ့က ခွင့်ပြုထားတာတော့ မဟုတ်ဘူး။ ကျွန်တော်ထံကိုတော့ တင်ပြထားတာ မရှိဘူး” ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဦးညာဏ်ဝင်းက မှတ်ချက်ပေး ပြောကြားသည်။

ရှမ်းပြည်နယ် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောတူညီမှု မရှိဘဲ နှုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့မှုနှင့် ပတ်သက်၍ The Voice မှ ဦးဝင်းထိန်ထံ ဆက်သွယ်မေးမြန်းရာ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ အတည်ပြုချက် ရယူသွားမည်ဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များထံ ဖုန်းမှဆက်သွယ်ပြီး အကြောင်းကြားထားပြီး ဖြစ်ကြောင်း
 ပြန်လည်ပြောဆိုသည်။

“ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တင်မယ်။ နောက်လာမည့် အစည်းအဝေးမှာ တင်မယ်။ အဲ့ဒီအဖွဲ့တွေကို ငါတောင်ကြီးမှာ ဒီလိုလုပ်ပြီးပြီးဆိုတာ ဖုန်းနဲ့ ဆက်သွယ်ပြီးပြီ။ အဲ့ဒါကို နောက်အစည်းအဝေးမှာ တင်ပြပြီး တရားဝင် အတည်ပြုချက်ယူမယ်” ဟု ဦးဝင်းထိန် ကဆိုသည်။

NLD ပါတီက ထုတ်ပယ်ခံရသူများတွင် ဦးတင်မောင်တိုးမှ လွဲပြီးကျန်သုံးဦးက ဦးဝင်းထိန်၏ ဆောင်ရွက်ချက်ကို ပြန်လည်သုံးသပ်ပေးရန် ပါတီဗဟိုဌာနချုပ်သို့ စက်တင်ဘာလ (၁၁) ရက်နေ့၌ အယူခံ တင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌတာဝန်အဖြစ် ပေးအပ်ခြင်း ခံရသော ဦးဇော်မင်းလတ်သည် လက်ရှိပေးအပ်သော တာဝန်ကို ဗဟိုမှ ပေးအပ်ခြင်း ရှိ/မရှိ မသိဟု ဆိုသည်။

“အများကတော့ ပြောကြတာပေါ့ ပါတီတွင်းကိစ္စ ဆိုတော့ ကျွန်တော် မပြောလိုဘူး” ဟု ဦးဇော်မင်းလတ်က ဆိုသည်။ အလားတူ ပြည်နယ်ပါတီ ဥက္ကဋ္ဌနှင့် ခရိုင်ပါတီ ဥက္ကဋ္ဌများကို ဗဟိုမှ ခွင့်ပြုချက်မရှိပဲ ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်၏ နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်းကြောင့် ပြည်နယ်အတွင်းရှိ ပါတီဝင်များကလည်း ၎င်းတို့၏ဆန္ဒအရ နုတ်ထွက်စာ တင်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလများ၌ ပခုက္ကူမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ သဘောထား ကွဲလွဲသော ပြဿနာ ပေါ်ပေါက်ခဲ့ခြင်းကြောင်း ပါတီဝင်များကို ဗဟိုမှ ထုတ်ပယ်ခဲ့ပြီး ထပ်မံ၍ ၂၀၁၆ ဩဂုတ်လအတွင်း၌ ရမည်းသင်းမြို့နယ်မှ NLD ပါတီဝင်များ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။

  • VIA