News

POST TYPE

POLITICAL

မြောက်ဦးပဋိပက္ခ ဥပဒေနှင့်အညီ တုံ့ပြန်ဟု ပြည်နယ်အစိုးရပြော
22-Jan-2018
စစ်တွေ၊ ဇန်နဝါရီ ၂၂ 

မြောက်ဦးပဋိပက္ခဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ကိုင်တွယ် ဖြေရှင်းခဲ့ရာတွင် ဥပဒေအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။ 

မြောက်ဦးမြို့ စာပေဟောပြောပွဲ နန်းတော်ရာကုန်းမှ လူအုပ် ထောင်နှင့်ချီရှိကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆန္ဒပြဆူပူ အော်ဟစ်ကြရာတွင် ခရိုင်ဥပဒေအရာတို့မှ လူစုခွဲရန် လက်ကိုင် အသံချဲ့စက်ဖြင့် ၈၅ ကြိမ်ခန့် လူစုခွဲရန် သတိပေးကြောင်း၊ သို့သော်လည်း လူအုပ်စုက အကြမ်းဖက်ခြင်း၊ ဖျက်ဆီးခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခဲ၊ အုတ်၊ လေးခွများဖြင့် ပစ်ပေါက်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များထံမှ လက်နက်များ လုယက်ရန် ကြိုးစားလာခြင်း၊ အုပ်ရေးမှူးရုံးကို မီးရှို့ရန် ကြိုးစားလာခဲ့တို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များက တုတ်၊ ဒိုင်းများ အသုံးပြုကာ လူစုခွဲခဲ့ပြီးနောက် ဘီအေ - ၆၃၊ ၁၂ ဗို့ ပြောင်းချောသေနတ်များဖြင့် မိုးပေါ်သို့ ခြောက်လှန့် ပစ်ခတ်ကာ လူစုခွဲခဲ့ကြောင်း ဦးတင်မောင်ဆွေက ရှင်းပြသည်။

လူစုခွဲရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့သော်လည်း လူစုက ဆူပူကာ အကြမ်းဖက်ရန် ကြိုးစားလာသဖြင့် လုံးခြုံရေး တပ်ဖွဲ့ဝင်များအနေနှင့် မိမိဆောင်ရွက်ရမည့် အဓိကရုဏ်း နှိမ်နှင်းရေးလက်စွဲ ဥပဒေပါအတိုင်း တစ်ဆင့်ပြီး တစ်ဆင့်သို့ ကူးပြောင်းကာ နောက်ဆုံး၌ မလွှဲမရှောင်သာ အနေအထားကြောင့်လည်းကောင်း၊ မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့်နှင့် ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်တို့ကြောင့် ကျည်အစစ်အမှန်ဖြင့်ပစ်ခတ်ကာ လူစုခွဲခဲ့ရကြောင်း ၎င်းကဆိုသည်။

ထို့အပြင် သေနတ်လုယူရန် ကြိုးစား သူများအား ၁၂- ဗို့ပြောင်းချော သေနတ် ဖြင့် ခန္ဓာကိုယ်အောက်ပိုင်းသို့ ဦးစွာ ၁၀ ချက်ခန့် ပစ်ခတ်လူစုခွဲသော်လည်း လူစုခွဲ ခြင်းမရှိဘဲ ထပ်မံ၍ အကြမ်းဖက်လာ သဖြင့် ဘီ ၅၆ သေနတ်နှင့် ဘီအေ -၉၄ သေနတ်တို့ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်က ရှင်းလင်းခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ကျည်ဆန်နဲ့ ပစ်ခတ်တယ် အဲဒါ ဟာ အနည်းကပ်ပစ်ခတ်ရင် လူသုံးဦးထိ ကို ဖောက်မှန်တယ်။ ဒါဟာ ပြည်သူကို လူစုခွဲအောင် လုပ်တာမဟုတ်ဘဲ ပြည်သူ တွေကို အကြမ်းဖက်သမားလို ပုံစံဖြင့် နှိမ်နင်းခြင်းဟာ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကို ပြင်းပြင်းထန်ထန် အရေးယူရမယ်။ လက်ရှိ ဒေသအစိုးရမှာ တာဝန်ရှိတယ်လို့မြင်တယ်”ဟု မြို့မိမြို့ဖ ဦးအောင်သန်းဝေက ပြောကြားသည်။

မြောက်ဦး အဓိကရုဏ်းကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ လည်း ခဲဖြင့်ပေါက်ခံရမှုကြောင့် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။

R-22