News

POST TYPE

POLITICAL

ဒေါက်တာအေးမောင် နေအိမ်ရှေ့တွင် ဖမ်းဆီးခံရ
18-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၁၈

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ယနေ့မွန်းလွဲ ၁ နာရီခန့်က နေအိမ်ရှေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ဇန်နဝါရီလ ၁၅ ရက်က ကျင်းပခဲ့သော ရခိုင်နိုင်ငံတော် အချုပ်ခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အခမ်းအနားနေ့ အထိမ်းအမှတ်တွင် ဒေါက်တာအေးမောင်နှင့် ရခိုင်စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောခဲ့ကြရာ ဒေါက်တာအေးမောင်၏ ဟောပြောချက်တွင် “ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ်လောက်သာ ထားရှိပြီး တန်းတူ အခွင့်အရေး မပေးကြောင်း၊ အချုပ်အခြာ အာဏာရရှိရေးအတွက် နည်းလမ်း ၂ ခုသာ ရှိကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးနည်းနှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက် တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ နောက်နှစ်များစွာ ရောက်တိုင်းမှာ အချုပ်အခြာ အာဏာ ပြန်လည် ရယူလိုရေး စိတ်ဓာတ်မွေးရန်၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုဗဟိုပြု နိုင်ငံရေးအားလုံး၏ ပန်းတိုင်သည် အချုပ်အခြာ အာဏာကို ပြန်လည် ရယူနိုင်ရေးသာ ဖြစ်ကြောင်း၊ လူထုကို စည်းရုံးခြင်း၊ လက်နက်ကိုင် တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကိုဆင်နွှဲပြီး ရည်မှန်းချက်ပန်းတိုင်သို့ သွားနေခြင်းဖြစ်ကြောင်း၊ ယခုလို ဟောပြောပွဲများ ကျင်းပခြင်းဖြင့် တစ်မျိုးသားလုံး ထားရှိသင့်သည့် ရည်မှန်းချက်ပန်းတိုင်ကိုသိရှိပြီး အမျိုးသားရေးတစ်ရပ်အနေဖြင့် ပါဝင်ကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း”ပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းသို့ ဟောပြောခဲ့ခြင်းကြောင့် ဒေါက်တာအေးမောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က)၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၁ နှင့် မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ဇန်နဝါရီ ၁၇ ရက်တွင် ခွင့်ပြုမိန့် တောင်းခံခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

R-22