News

POST TYPE

POLITICAL

အစိုးရ ကျောင်းကားဆွဲမည်ဟုပြော
17-Jan-2018



ရန်ကုန်၊ ဇန်နဝါရီ ၁၆

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ရန်ကုန်တိုင်းအစိုးရကိုယ်တိုင် ရန်ကုန်မြို့ရှိ ကျောင်းအချို့တွင် ကျောင်းကားများ ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

ကိုရီးယားနိုင်ငံထုတ် ကျောင်းကား စီးရေ ၂၀၀ ကို ပုဂ္ဂလိကသို့ ရောင်းချမည်မဟုတ်ဘဲ အများပိုင်ကုမ္ပဏီဖွဲ့ကာ တိုင်းအစိုးရပိုင်ယာဉ်အဖြစ် ပြေးဆွဲခြင်းဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“ပုဂ္ဂလိကကို လုံးဝမရောင်းဘူး။ YRTA ကွပ်ကဲမှုအောက်မှာဖွဲ့ထားတဲ့ အများပိုင်ကုမ္ပဏီအနေနဲ့ ကျောင်းကားဆွဲမှာပါ။ အဓိကတော့ ဘယ်မောင်းပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိကျောင်းကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များအနေနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက် ၁၂ ချက်ဖြင့် ကိုက်ညီလျှင် အများပိုင်ကုမ္ပဏီနှင့်အတူ ပူးပေါင်း၍ ပါဝင်ပြေးဆွဲခွင့်ပေးရန် စီစဉ်ထားပြီး သတ်မှတ်ချက်နှင့် မကိုက်ညီပါက ကျောင်းကားအဖြစ် ဆက်လက်ပြေးဆွဲခွင့် မပြုတော့ကြောင်း YRTA အဖွဲ့ထံမှ သိရသည်။

“အခုပြေးနေတဲ့ ကျောင်းကားတွေက အများပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းရမယ်။ လက်ရှိယာဉ်ပုံစံအတိုင်းတော့ ခွင့်မပြုဘူးပြောတယ်။ အဓိကတော့ ကျောင်းသားတွေအတွက် လုံခြုံမှုမရှိတဲ့ ယာဉ်အမျိုးအစားတွေ ပါဝင်နေတယ်”ဟု YBS စနစ်ပြေးဆွဲမှု တစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ကျောင်းကားစနစ် ဝန်ဆောင်မှုလုပ်ငန်းအတွက် ဖွဲ့စည်းထားသော Royal Golden Hand အများပိုင်ကုမ္ပဏီသည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဇွန်လ ၁ ရက်၌ စတင်ပြေးဆွဲမည်ဖြစ်ပြီး လျာထားချက်အရ ဒဂုံ (၁)၊ ကမာရွတ် အ.ထ.က (၁) နှင့် TTC ကျောင်းတို့ကို ပထမဆုံးပြေးဆွဲမည် ဖြစ်ကြောင်း YRTA အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မီဒီယာများသို့ ဖြေကြားသည်။

လက်ရှိ ကျောင်းပေါင်း ၂၂ ကျောင်းတွင် ယာဉ်စီးရေ ၁၉၀၀ စီးခန့်ဖြင့် တစ်ဦးပိုင် ကိုယ်ပိုင် ကျောင်း ကြို/ပို့ လုပ်ငန်း ဆောင်ရွက်လျက်ရှိသဖြင့် ရန်ကုန်တိုင်းအစိုးရက အများပိုင်ကုမ္ပဏီအနေနှင့် ပြေးဆွဲရန်ဝယ်ယူထားသည့် ခရီးသည် ၂၈ ဦးဆံ့ ယာဉ်စီးရေ ၂၀၀ ခန့်မှာ မလုံလောက်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြား သည်။

ရန်ကုန်တိုင်း၌ အစိုးရဖွင့်ထားသည့် စာသင်ကျောင်းများအနက် အထက်တန်း ၂၃၄ ကျောင်း၊ အလယ်တန်း ၂၈၉ ကျောင်း၊ မူလတန်း ၂၂၁၇ ကျောင်းရှိကြောင်း ရန်ကုန်တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

J-17

  • VIA