News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြီးကြပ်ရေးသင်တန်းပေးမည်
14-Jan-2018

ရန်ကုန်၊​ ဇန်နဝါရီ ၁၃

လာမည့် ၂၀၁၈ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များကို ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ ကြီးကြပ်ရေး သင်တန်းပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

“ကော်မရှင်တွေကို အသစ်ဖွဲ့ထားပြီးပြီး။ သူတို့ကို သင်တန်းပေးရမယ်။ တိုင်း၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့တွေကိုလည်း သင်တန်းပေးရမယ်။ ၂၀၁၇ က ရွေးကောက်ပွဲက လူဟောင်းတွေနဲ့လုပ်တာ။ အခုက အသစ် ထပ်ဖွဲ့တဲ့သူတွေကို ရှေ့လသင်တန်း စမယ်”ဟု ၎င်းက ပြောကြားသည်။

အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ် ခုနစ်နေရာအတွက် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်၊ တိုင်းကော်မရှင်နှင့် ခရိုင်ကော်မရှင် အဖွဲ့ ဝင်များကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လ၊ ရက်နှင့်ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များကို ကြီးကြပ်ရေးသင်တန်းများ၊ မဲရုံးမှူး သင်တန်းများ ပို့ချပြီးမှသာ သတ်မှတ်မည်ဖြစ်သောကြောင့် လက်ရှိ ထုတ်ဖော်ပြောဆို၍ မရကြောင်း ၎င်းကပြောကြားသည်။

၂၀၁၈ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်ရက်နှင့် လအတိအကျကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

J-18