News

POST TYPE

POLITICAL

ပဲခူးနှင့် မကွေးမှ ဝန်ကြီး လေးဦး နုတ်ထွက်စာတင်
10-Jan-2018

တောင်ငူ၊ ဇန်န၀ါရီ ၁၀

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးတို့သည် နုတ်ထွက်စာများ တင်သွင်းထားကြောင်း ကာယကံရှင်အချို့နှင့် ပဲခူးဒေသခံ နိုင်ငံရေး အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံနှင့် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်တို့နှစ်ဦးကို ရားထူးမှနုတ်ထွက်ရန် ပါတီကညွှန်ကြားခဲ့ကြောင်း ပဲခူးဒေသခံ နိုင်ငံရေး အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။

“ဒေါ်မေဝင်းမြင့်နဲ့ ဦးဝင်းထိန်တို့က ကျွန်တော့်ကို နိုင်ငံရေးဆုံးဖြတ်ချက်အရ နုတ်ထွက်လွှာ တင်ခိုင်းခဲ့တာပါ။ ကျွန်တော့်ကို ဖြေရှင်းချက်လည်း တစ်ခုမှမတောင်းခဲ့သလို တိုင်ကြားစာလည်း မရှိပါဘူး”ဟု သယံဇာတ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ယနေ့ (ဇန်နဝါရီ ၁၀ ရက်) ည ၉ နာရီက ပြောကြားသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးကို ရာထူးမှနုတ်ထွက်ခိုင်းမှုနှင့်ပတ်သက်၍ ဒေါ်မေဝင်းမြင့်ထံ ဆက်သွယ်မေးမြန်းရာ တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်တာဖြစ်လို့ အစိုးရတာဝန်ရှိသူကို မေးမြန်းစုံစမ်းရန် ပြန်လည်ဖြေကြားခဲ့သည်။

အလားတူ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်သည် ကျန်းမာရေး အခြေအနေအရ တာဝန်မှနုတ်ထွက်ခွင့်ပြုရန် ဇန်နဝါရီ ၅ ရက်နေ့၌ စာတင်ထားပြီးဖြစ်ကြောင်း ကာယကံရှင်ထံမှ သိရသည်။

“ကျွန်တော်က ကျန်းမာရေး အခြေအနေကြောင့် တာဝန်မှ နုတ်ထွက်စာ တင်ထားပြီးဖြစ်တယ်”ဟု ဦးစိုးမြင့်ကဆိုသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်၏ နုတ်ထွက်မှုကို နိုင်ငံတော်သမ္မတထံ စာရေးသား တင်ပြပြီးဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောဆိုထားပြီးဖြစ်သည်။

J- 07/R-15


  • VIA