News

POST TYPE

POLITICAL

ဒေါက်တာအေးမောင် နုတ်ထွက်လျှင် ငွေစာရင်း ရှင်းပေးရန် တာဝန်ရှိကြောင်း ANP ပါတီမှ ကော်မတီဝင်များ ပြောဆို
07-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၇

ရခိုင်အမျိုးသားပါတီ (ANP) ၏ဥက္ကဋ္ဌရာထူးမှ ဒေါက်တာအေးမောင်အနေနှင့် လုံးဝ နုတ်ထွက်ခဲ့လျှင် ပါတီစည်းကမ်းအရ ငွေစာရင်းကိစ္စများ လာရောက်ရှင်းလင်းပေးရန် တာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဖေသန်းက ပြောကြားသည်။

“ပါတီဥက္ကဋ္ဌဖြစ်တဲ့အတွက် တာဝန်ယူထားသူက ငွေစာရင်းကို ရှင်းပေးဖို့ တာဝန်ရှိတယ်။ ဘာကြောင့်များ သူကိုယ်တိုင် ကြီးကြပ်ထားတဲ့ ငွေစာရင်းတွေနဲ့ ပတ်သက်လို့ ပါတီတာဝန် လွှဲချရတာလဲ။ ဆိုလိုတာက သူ့မှာ တာဝန်ရှိတယ်။ ဘယ်ပုဂ္ဂိုလ်တွေ ပါတီဝင်တွေက တိုက်ခိုက်သလဲဆိုတာ သူရှင်းပြရမယ်။ အဲဒါတွေကို မရှင်းပြလည်း ပါတီကို ပြန်လာမယ်ဆိုရင် လက်ခံမှာပါ”ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်က ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ (ANP) အတွင်း၌ ခေါင်းဆောင်များ အချင်းချင်းကြား ညီညွှတ်မှု မရှိသည့်အပြင် အစည်းအဝေး၌သော်လည်းကောင်း၊ ပြင်ပ၌သော်လည်းကောင်း ခေါင်းဆောင်များ၏ တပည့်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်ခြင်း၊ လူမှုမီဒီယာများ၌ အုပ်စုဖွဲ့စော်ကားခြင်း၊ အထူးသဖြင့် ဥက္ကဋ္ဌတစ်ဦးတည်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများကို တွေ့နေရကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကုန်ကျစရိတ် ရှင်းတမ်း၊ စစ်ပြေးဒုက္ခသည်များ ကူညီရေးနှင့် ရခိုင်ဘင်္ဂါလီ ပဋိပက္ခကူညီရေး ငွေစာရင်း ရှင်းတမ်းများကို လူထုထံသို့မဟုတ် ပါတီဝင်များထံ ရှင်းလင်းပေးပါရန် နုတ်ထွက်စာတွင် ဖော်ပြထားသည်။  

ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သည့် ဒေါက်တာ အေးမောင်အနေနှင့် ပြန်လည် စဉ်းစားရန်၂၀၁၉ ခုနှစ် ရခိုင် အမျိုးသား ပါတီဗဟို ညီလာခံ ကျင်းပသည့်အချိန်ထိ စောင့်ဆိုင်းရန် မျှော်လင့်ထားကြောင်း ၎င်းကပြောကြားသည်။

လက်ရှိ လစ်လပ်နေသော ဥက္ကဋ္ဌနေရာကို အစားမထိုးဘဲ အတွင်းရေးမှူးအဖွဲ့ဖြင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ဒေါက်တာအေးမောင်ကို The  Voice က ဆက်သွယ်မေးမြန်းရာတွင် “ရှင်းပြစရာမလိုဘူး၊ သူတို့ အကုန်သိတယ်။ ရှေ့ မဆက်တော့ဘူး”ဟု ဆိုသည်။

သို့သော် ပါတီက နုတ်ထွက်ပြီးလျှင် ပါတီအသစ် တည်ထောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် ယခုအချိန်တွင် ထုတ်ဖော်ပြောဆိုရန် မသင့်သေးကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ နုတ်ထွက်စာ တင်သည့်ကိစ္စကို စစ်တွေမြို့ပေါ်ရှိ ပါတီဗဟိုဌာနချုပ်တွင် ကျင်းပသည့် လေးရက်တာ အစည်းအဝေးတွင် ထိပ်ပိုင်း ခေါင်းဆောင်များကြား ဆွေးနွေးရာတွင် ဆုံးဖြတ်ချက် မကျသေးကြောင်း ပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ဒေါက်တာအေးမောင် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ် အပါအဝင် ရန်ကုန်မြို့ပေါ်ရှိ ရခိုင်ပါတီဝင်များ၊ ရခိုင်လူမှုရေး အဖွဲ့အစည်းများမှ လူဦးရေ ၁၀ဝ ခန့် တက်ရောက် ဆွေးနွေးခဲ့သည်။

လေးရက်တာ ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ရခိုင်ပြည်နိုင်ငံရေး အခြေအနေနှင့် ရခိုင်အမျိုးသား နိုင်ငံရေး၏ ရှေ့လုပ်ငန်းစဉ်၊ ပါတီကျစ်လျစ် ခိုင်မာရေးနှင့် ပါတီတည်ဆောက်ရေး၊ ဘင်္ဂါလီများကို ပြန်လည် နေရာချထားရေးနှင့် ပတ်သက်၍ သဘောထားအမြင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) တက်ရောက်ခြင်း စသည့်များကို ဆွေးနွေးခဲ့သည်။

J-18၊ ခိုင်မင်းညို


  • VIA