News

POST TYPE

POLITICAL

KIO ဥက္ကဋ္ဌ ရာထူးလွှဲပြောင်း
02-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) လက်နက်ကိုင်အဖွဲ့​ ဥက္ကဋ္ဌရာထူး အပြောင်းအလဲဖြစ်ခဲ့ပြီး ယခင်ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ဥက္ကဋ္ဌရာထူးကို တရားဝင် အခမ်းအနားဖြင့် လွှဲပြောင်းရယူခဲ့သည်။

လက်ရှိ ဥက္ကဋ္ဌဖြစ်သူ လညော်ဇောင်းဟရားသည် ဥက္ကဋ္ဌရာထူးမှ အနားယူသွားခဲ့ပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လကို ရာထူး လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ KIO ဥက္ကဋ္ဌတာဝန် အပ်နှင်းခြင်း အခမ်းအနားကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့တွင် ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

KIO အဖွဲ့၏ ဒုဥက္ကဋ္ဌရာထူးကို KIA စစ်ဦးစီးချုပ် ဂွမ်ထန်ဂမ်ရှောင်၊ KIC ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ဂွမ်မော်တို့ကို အသီးသီး ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကေအိုင်အိုအဖွဲ့၏ ခေါင်းဆောင် အပြောင်းအလဲဖြစ်စဉ်သည် အစဉ်အလိုက် ပြောင်းလဲခန့်အပ်ခဲ့ခြင်းသာဖြစ်ပြီး ယခင်အစုအဖွဲ့အတိုင်းသာ ဖြစ်သည့်အတွက် နိုင်ငံရေးအရ မည်သည့် အပြောင်းအလဲမှ မရှိနိုင်ကြောင်း နိုင်ငံရေး စစ်ရေး လေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။

ယခုအနားယူသွားသည့် ဥက္ကဋ္ဌ ဖြစ်သူသည် ကျန်းမာရေးအရ နိုင်ငံရေး၊ စစ်ရေးကိစ္စများတွင် မပါဝင်နိုင်တော့ဘဲ ယခင်ကတည်းက ဗိုလ်ချုပ်ကြီး အင်ဘန်လကိုယ်တိုင် ဦးဆောင်နေခြင်းဖြစ်ကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။

“ဥက္ကဋ္ဌပြောင်းလို့ကတော့ မပြောင်းပါဘူး။ အရင်လုပ်နေကြလူ သုံးယောက်ပေါ့။ ဗိုလ်ချုပ်ကြီး အင်ဘန်လရယ်။ ဗိုလ်ချုပ်ဂမ်ရှောင်ရယ်၊ ဗိုလ်ချုပ် ဂွမ်မော်ရယ် ဒီသုံးယောက်က စီနီယာအတိုင်း တက်သွားတဲ့သဘောပါပဲ။ ဘာမှ ထူးထူးခြားခြားတော့ ပြောင်းလဲမှု မရှိပါဘူး”ဟု ၎င်းက သုံးသပ်သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့မှ KIO မနုတ်ထွက်ခင်က UNFC ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီး အင်ဘန်လသည် လက်ရှိတွင် “ဝ” တပ်ဖွဲ့ ပါဝင်သည့် မြောက်ပိုင်းဆွေးနွေးမှုကော်မတီ (FCNPP) တွင်လည်း ဦးဆောင်သူတစ်ဦးဖြစ်သည်။

J-08

  • VIA