News

POST TYPE

POLITICAL

ကိုဖီအာနန်ဦးဆောင်သည့်ကော်မရှင် ပြည်သူများ၏ ဒဏ်ရာဒဏ်ချက်များကို ကုစားပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ရန်ကုန်၊ စက်တင်ဘာ ၅

ကိုဖီအာနန် ဦးဆောင်သော ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနှင့် ပြည်သူများ၏ ဒဏ်ရာဒဏ်ချက်များကို ကုစားပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို (NRPC) တွင် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ရခိုင်ဒေသရှိ ဖြစ်ပွားခဲ့သော ပြဿနာများကြောင့် ပြည်သူများ ထိခိုက်ခံစားခဲ့ရပြီး ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်အနေနှင့် ယင်းဒဏ်ရာဒဏ်ချက်များကို ကုစားနိုင်မည့် နည်းလမ်းကို ကူညီရှာဖွေပေးနိုင်မည် မျှော်လင့်ရကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆက်လက်ပြောကြားသည်။ 

"ဒီပြဿနာတွေကို မျက်နှာချင်းဆိုင်ပြီး မျှမျှတတ ဖြေရှင်းဖို့နဲ့ ကျွန်မတို့ ပျက်ကွက်ခဲ့ကြပြီး မှန်ကန်တဲ့ အဖြေတစ်ခုကို မရှာဖွေနိုင်သေးပါဘူး။ ဒီကော်မရှင်က ကျွန်မတို့အတွက် ဒီပြဿနာ (ရခိုင်) ကို ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုရဖို့ အကူအညီရမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

ကိုဖီအာနန် ဦးဆောင်မည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ကော်မရှင်အနေနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နှစ်ဖက် အသိုင်းအဝိုင်းနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး လာမည့် တစ်လနှစ်လအတွင်း ကော်မရှင်၏ အကြံပြုချက်ကို တင်သွင်းသွားမည်ဖြစ်ကြောင်း ကော်မရှင်ကို ဦးဆောင်မည့် ကိုဖီအာနန်က  ပြောကြားသည်။

ထို့ပြင် ကော်မရှင်၏ အကြံပေးချက်သည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် ငြိမ်းချမ်းပြီး သာယာဝပြောသည့် အနာဂတ် ရရှိရေးအတွက် အထောက်အပံ့ ပေးနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ယင်းကော်မရှင်ကို ရခိုင်ပြည်နယ်ရှိ အကြီးဆုံး အတိုက်အခံပါတီဖြစ်သော ရခိုင်အမျိုးသားပါတီက ကန့်ကွက်ကြောင်း ကြေညာချက်ကို သြဂုတ်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါကော်မရှင်တွင် ကိုဖီအာနန် အပါအဝင် နိုင်ငံတကာမှ အကြံပေးပုဂ္ဂိုလ် သုံးဦး၊ ပြည်တွင်းမှ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ ငြိမ်းချမ်းမေတ္တာအသင်းမှ ဦးအေးလွင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဒေါက်တာမြသီတာ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်တို့ဖြင့် ဖွဲ့စည်းထားသည်။

ကော်မရှင်သည် လာမည့်စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး ကော်မရှင်၏ သုံးသပ် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှတစ်ဆင့် အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာကို ကော်မရှင်တည်ထောင်ပြီး ၁၂ လထက် နောက်မကျဘဲ တင်သွင်းရမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သိရသည်။