News

POST TYPE

POLITICAL

KIA နှင့် TNLA ပူးပေါင်းအဖွဲ့က နမ့်ခမ်းရှိ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသည့် စခန်းများကို တိုက်ခိုက်ဟု တပ်မတော်ထုတ်ပြန်
22-Dec-2017 tagged as


ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ပိုက်လိုင်းများဖြစ်ပြီး အဆိုပါ ပိုက်လိုင်းလုံခြုံရေး ဆောင်ရွက်နေသည့်  စခန်းများကို ဒီဇင်ဘာလ ၂၁ ရက်နေ့က ယင်းလက်နက်ကိုင်အဖွဲ့များက လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်ကမူ တပ်မတော်က ထုတ်ပြန်ထားသကဲ့သို့ KIA နှင့် ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ TNLA တစ်ဖွဲ့တည်းနှင့်သာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ပိုက်လိုင်းလုံခြုံရေးစခန်းများကို သွားတိုက်သည် ဆိုခြင်းမှာလည်း မဟုတ်ကြောင်း ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောဆိုသည်။

“ဒီမနက် နမ့်ခမ်းမြို့မှာ တိုက်ပွဲတွေဖြစ်တယ်။ အဲဒီလိုမျိုးတော့ မဟုတ်ဘူး။ ဒီမနက် ကျွန်တော်တို့ တပ်တွေရဲ့ လှုပ်ရှားနယ်မြေရှိရာကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်လာတယ်။ ဒီမနက် ခြောက်နာရီ၊  ခုနစ်နာရီလောက်မှာ တိုက်ပွဲတွေဖြစ်တယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်းနဲ့ ဖြစ်တာပါ KIA မပါပါဘူး” ဟု ၎င်းက ငြင်းဆိုသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာလ ၂၁ ရက် နံနက် ခြောက်နာရီခွဲခန့်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာအနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးစခန်းများကို KIA/TNLA ပူးပေါင်းအဖွဲ့အချို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လည်းကောင်း၊ နံနက် ခုနစ်နာရီ ၄၀ ခန့်တွင် ပန်ယုတ်ကျေးရွာအုပ်စု လွယ်ချက်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းများကို အင်အား ၅၀ ဦးခန့်က နေရာသုံးနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားရာ နယ်မြေတစ်ဝိုက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းလျက်ရှိကြောင်း တပ်ချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIA နှင့် TNLA အဖွဲ့တို့သည် တပ်မတော်နှင့် ရှမ်းပြည်နယ် လွှတ်တော်တို့မှ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာခြင်း ခံထားရသည့် အဖွဲ့များလည်း ဖြစ်ပြီး “ဝ” တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့ကော်မတီ (FCNPP) တွင်လည်း ပါဝင်နေသည့် အဖွဲ့များဖြစ်သည်။

ထို့ပြင် CNPP ကော်မတီသည် အစိုးရ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လမ်းကြောင်းကို ငြင်းဆိုထားသည့် အဖွဲ့အစည်းလည်းဖြစ်ပြီး အဆိုပါ ကော်မတီက အပစ်ရပ် လမ်းကြောင်းအသစ်တစ်ခုကိုလည်း ထုတ်ပြန်ထားသည်။

J-08

  • VIA
  • TAGS