News

POST TYPE

POLITICAL

ရခိုင်မျိုးချစ်ပါတီက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပေါင်းစည်းရန် ကမ်းလှမ်း
22-Dec-2017
စစ်တွေ၊ ဒီဇင်ဘာ ၂၁ 

ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီဖြစ်သော ရခိုင်မျိုးချစ်ပါတီ(APP)က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီနှင့် တစ်ပါတီအဖြစ် ပေါင်းစည်းရန် ကမ်းလှမ်းထားကြောင်း ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ထားသည်။ 

“အခု ရခိုင်ပြည်မှာပါတီ အကွဲအပြား ဖြစ်နေတယ်။ ပါတီနိုင်ငံရေးကို လူထုက ယုံမှားသံသယတွေ၊ ယုံကြည်မှုတွေ မရှိတဲ့အတွက် ကျွန်တော်တို့က တစ်ပါတီအဖြစ် ပေါင်းစည်းပြီးတော့ ညီညွတ်ရေးကို တည်ဆောက်သွားမယ်ဆိုပြီးတော့ ရည်ရွယ်ပြီးပေါင်းဖြစ်တာ၊ ပါတီကွဲရင် မဲကွဲမယ်” ဟု ရခိုင်မျိုးချစ်ပါတီ  ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းက ပြောကြားသည်။

ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် ရခိုင်မျိုးချစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ၏ ပါတီဗဟိုကော်မတီအစည်းအဝေးကို ဒီဇင်ဘာလ ၂ ရက်က စစ်တွေမြို့တွင်ကျင်းပခဲ့ရာ ရည်ရွယ်ချက်တူ၊ မူဝါဒတူသည့် ရခိုင်တိုင်းရင်းသားပါတီများနှင့် မဟာမိတ်အဖြစ်သော်လည်းကောင်း၊ တစ်ပါတီအဖြစ်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

“ပါတီပူးပေါင်းဖြစ်ရင် ရှေ့က သံတွဲညီလာခံက သင်ခန်းစာတွေကို အခြေခံပြီးတော့ ဂုဏ်သရေရှိရှိ သိက္ခာရှိရှိ၊ စနစ်တကျနဲ့ မူဝါဒတွေရေးဆွဲပြီး ပူးပေါင်းသွားမယ်” ဟု ဦးဇော်ဝင်းထွန်းက ပြောသည်။

ကမ်းလှမ်းခြင်းအပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနှင့် ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပမည့် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် လက်ခံဆွေးနွေးသွားမည်ဖြစ်ပြီး အများသဘောတူ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။

ရခိုင်မျိုးချစ်ပါတီသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မူဝါဒလမ်းစဉ်များ တူညီကြပြီး စစ်မှန်သော ဖက်ဒရယ်ရရှိမှုကို သွားနေကြောင်း၊ ယခုအချိန်သည် ရခိုင်ပြည်သူများ အခက်အခဲကြုံနေရချိန်တွင်  စည်းစည်းလုံးလုံးရှိရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်မျိုးချစ်ပါတီမှာ ညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့(UNA)၏ အဖွဲ့ဝင်ပါတီတစ်ခုဖြစ်ပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီများနှင့်လည်း မဟာမိတ်ဖွဲ့ထားသည်။ 

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ရခိုင်ပြည်သူများနှင့် ရဟန်းသံဃာများ၏ တိုက်တွန်းမှုကြောင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)တို့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ပူးပေါင်းကာ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းခဲ့ကြောင်း၊ ရခိုင်အမျိုးသားပါတီ၏ ပထမဆုံး သံတွဲညီလာခံတွင် ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့က ရခိုင်အမျိုးသားပါတီထံမှ နုတ်ထွက်ခဲ့ပြီး ရခိုင်မျိုးချစ်ပါတီကို  ၂၀၁၅ခုနှစ် ဇူလိုင်လက တည်ထောင်ခဲ့သည်။ 

ခိုင်မင်းညို


  • VIA