News

POST TYPE

POLITICAL

တောင်ကြီးခရိုင် NLD အလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌကို ရာထူးမှ ထုတ်ပယ်
04-Sep-2016

တောင်ကြီး၊ စက်တင်ဘာ ၎

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို ပါတီစည်းမျဉ်း၊ စည်းကမ်းနှင့် မကိုက်ညီသည့်အတွက် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ဦးတင်မောင်တိုး၏ လူမှုကွန်ရက် စာမျက်နှာတွင် “CEC က ငွေပေးဝယ်လို့ ရတယ် နိုင်ငံရေး သမိုင်းက ငွေပေးဝယ်လို့ မရဘူး”ဟူ၍ ရေးသားခဲ့သည့်အပေါ် CEC အဖွဲ့ကို စော်ကားသည်ဟုဆိုကာ ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခြင်း ဖြစ်သည်။

“ဒီမှာ လွတ်လွတ်လပ်လပ် ပြောလို့ ရတယ်။ တချို့ ကောင်မလေးတွေဆို ကက်ကက်လန်အောင် ပြန်ပြောနေတာ အဲဒီလို မပြောဘဲနဲ့ Facebook တင်တဲ့အတွက်ကြောင့် ဒါပါတီ စည်းကမ်းနဲ့ မညီလို့”ဟု ဦးဝင်းထိန်က ဆိုသည်။

ပြည်နယ် အလုပ် အမှုဆောင်အဖွဲ့ ပြန်လည် ဖွဲ့စည်းရာတွင် ပါတီ၏ ညွှန်ကြားချက် မရှိသောကြောင့် CEC အလုပ် အမှုဆောင်၏ ညွှန်ကြားချက်အတိုင်း လစ်လပ်သော နေရာများ အစားထိုးရန်အတွက် ပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးသည် ဗဟို၌ တင်ထားပြီးဖြစ်ကြောင်း ဦးတင်မောင်တိုးက ပြောကြားသည်။

ပြည်နယ် အလုပ် အမှုဆောင်အဖွဲ့ ရွေးချယ်မည်ကို မည်သို့သော နည်းနှင့်မှ လက်မခံနိုင်ကြောင်း၊ နိုင်ငံရေး ပါတီသည် အာဏာရ ပါတီဖြစ်ပြီး အလွယ်တကူ လုပ်၍ မရကြောင်း ၎င်းကပြောဆိုသည်။

“Facebook ပေါ်တင်တဲ့ ကိစ္စလေး တစ်ခုတည်း အကြောင်းပြုပြီး ထုတ်လိုက်တာနဲ့ ပတ်သက်လို့ကတော့ တောင်ကြီးမြို့ အပါအဝင် တစ်ပြည်လုံးကတော့ စိတ်ချမ်းသာမှာ မဟုတ်ဘူး”ဟု နမ့်စန်မြို့ NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ဆိုသည်။

ယင်းကဲ့သို့ တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး ထုတ်ပယ် ခံရခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များက လက်မှတ် ရေးထိုး ကန့်ကွက်လျက် ရှိသည်။

အဆိုပါ ပြည်နယ် အလုပ် အမှုဆောင် အဖွဲ့သစ် ဖွဲ့စည်းခြင်းကို လက်မခံနိုင်သည့်အတွက် အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ စာတင်မည်ဖြစ်ကြောင်း ဦးတင်မောင်တိုးက ဆက်လက် ပြောကြားသည်။

  • VIA