News

POST TYPE

POLITICAL

မူဝါဒတူသူများနှင့် ပူးပေါင်းမည်ဟု ဦးကိုကိုကြီး ပြော
20-Dec-2017 tagged as ပါတီ


နေပြည်တော်၊ ဒီဇင်ဘာ၁၉

၈၈ ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ပါဝင်သော ရှစ်လေးလုံးပါတီ တည်ထောင်ခွင့်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လာရောက်လျှောက်ထားခဲ့ရာ မိမိတို့နှင့် မူဝါဒတူသူများနှင့် ပူးပေါင်းသွားမည်ဟု ပါတီတည်ထောင်ခွင့် ဦးဆောင်လျှောက်ထားသူ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။ 

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် နိုင်ငံရေးပါတီအဖြစ် လာရောက်လျှောက်ထားပြီး အပြန်တွင် မီဒီယာများက ပါတီတည်ထောင်ခွင့် လာလျှောက်ထားမှု ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းစဉ် ပြန်လည် ပြောကြားခြင်းဖြစ်သည်။

“နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ပြီဆိုရင် ပါတီရဲ့ယုံကြည်ချက်၊ မူဝါဒ ဦးတည်ချက်ဆိုတာ ရှိပါတယ်။ အဲ့ဒီ မူဝါဒတွေအပေါ်မှာ တူညီတဲ့ မူဝါဒရှိတဲ့သူတွေနဲ့ မဟာမိတ် မူဝါဒပူးပေါင်းသွားဖို့ဆိုတာ ကျွန်တော်တို့ပါတီရဲ့ မူဝါဒတွေ အခိုင်အမာ ချမှတ်ထားပါတယ်”ဟု ဦးကိုကိုကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီတစ်ရပ် ပေါ်ပေါက် လာစေရန် တစ်နှစ်ခွဲကာလအတွင်း ဆွေးနွေးပွဲများ၊ အစည်းအဝေးများကို အကြိမ်ကြိမ်ပြုလုပ်ပြီး ရန်ကုန်နှင့် နယ် အသီးသီးရှိ ရဲဘော်များကို စုစည်းပြီး နောက်ပိုင်းတွင် ပါတီအမည်၊ အလံ၊ သင်္ကေတ၊ ဖွဲ့စည်းပုံများကို ဆွေးနွေး ဆုံးဖြတ်ခဲ့သည်ဟု ゞင်းက ပြောကြားသည်။

ပါတီကို ယခုနှစ်မကုန်မီ မှတ်ပုံတင်ရန် အချိန်ကာလ သတ်မှတ်ချက်ပြည့်မီ ပြင်ဆင်ကြိုးစားပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ရရန်အတွက် တည်ထောင်ခွင့်ကို ယနေ့လာတင်ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်မှ ရက်ပေါင်း ၃ဝ အတွင်း တည်ထောင်ခွင့် ခွင့်ပြုချက်ရလျှင် ပါတီအလုပ်အမှုဆောင်နှင့် ပါတီဖွဲ့စည်းပုံများကိုတင်ပြီး မှတ်ပုံတင်ရန် ပြန်လာမည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

လူထုအရေးတော်ပုံကြီး၏ ကြွေးကြော်သံများကို အကောင်အထည် ဖော်ရန်အတွက် အဓိကဦးတည်ချက်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဟု ၎င်းက ဆိုသည်။

ရှစ်လေးလုံး အရေးတော်ပုံနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီတစ်ရပ် ရှိသင့်ကြောင်း၊ နိုင်ငံရေးပါတီတစ်ရပ်သည် လူပုဂ္ဂိုလ်ပေါ်ထက် မူဝါဒအပေါ် ခိုင်ခိုင်ရပ်တည်ရန်သာ လိုအပ်ကြောင်း ၈၈ အရေးတော်ပုံ လှုပ်ရှားမှုတွင် မန္တလေးမြို့မှ ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ခဲ့သူ ဦးညီကျော်က ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို တည်ထောင်သူ ၁၈ ဦးဖြင့် လာတင်ခဲ့ပြီး ထူထောင်သူ ပုဂ္ဂိုလ်များတွင် အမျိုးသမီနှစ်ဦး ပါဝင်သည်ဟု ရှစ်လေးလုံးပါတီ ထူထောင်သူများထံမှ စုံစမ်းသိရှိရသည်။

ပါတီသစ် ထူထောင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်လာစေရန် ကြိုးစားခဲ့ခြင်းကြောင့် ၈၈ ကာလမှ ရဲဘော်များကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စုစည်းခဲ့ကြခြင်းဖြစ်သည်ဟု ပါတီတည်ထောင်သူတွင် ပါဝင်သူ ကိုမာကီးက ဆိုသည်။

TL

  • VIA