News

POST TYPE

POLITICAL

ငြိမ်းချမ်းရေးတွင် ကရင်ခေါင်းဆောင်များ လက်တွေ့ကျကျ ဦးဆောင်ပြခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ချီးကျူး
18-Dec-2017


ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ငြိမ်းချမ်းရေးတွင် ကရင်မော်ဒယ်လ် (Karen Model) ဟု ပြောစမှတ်တွင်အောင်ပင် ကရင်ခေါင်းဆောင်များ လက်တွေ့ကျကျ ဦးဆောင်ပြခဲ့ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။

“ငြိမ်းချမ်းရေးခရီးလမ်းကို ဖြတ် သန်းလျှောက်လှမ်းကြရာမှာလည်း Karen Model ကရင်မော်ဒယ်လ် ဆိုပြီး ပြောစမှတ်တွင်ရအောင် လက်တွေ့ကျကျ  ဦးဆောင်ပြခဲ့တာတွေလည်း အထင်အရှားပဲဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသည်။

ယခုဆိုလျှင် ကရင်ပြည်နယ် ဒေါနတောင်တန်းမြေတွင် အောင်ပွဲခံ ဖားစည်သံများ လွင့်ပျံနေပြီး သေနတ်သံများ တိတ်ဆိတ်ကာ ငြိမ်းချမ်းခြင်း၏ မေတ္တာတေးသံများ၊ စာသင်ကျောင်းမှ စာအံသံများနှင့် ခေါင်းလောင်းသံများ လွင့်ပျံနေကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ကရင်မြေတွင် ငြိမ်းချမ်းခြင်းအသီးအပွင့်များ တဖြည်းဖြည်းချင်း ဝေဆာလာနေသည်ကို တချို့ မငြိမ်းချမ်းသေးသော ဒေသများမှ ပြည်သူများက ဝမ်းသာအားရ အားကျစွာနှင့် ငေးမျှော်ကြည့်ခြင်းကို ခံယူနေရပြီဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

ယခုကဲ့သို့နှစ်သစ်ကူး၊ အခွင့်အခါ ထူးသည့် အချိန်ကာလမျိုးတွင် အနာဂတ် မျိုးဆက်သစ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှသည့် အနာဂတ်တစ်ခုကို ပုံဖော် တည်ဆောက်နေသော ကရင်ပြည်နယ်အတွက် အထူးပဲ ဝမ်းမြောက် ဂုဏ်ယူမိကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်မတို့ ကရင်တိုင်းရင်းသားတွေဟာ ရိုးသားတယ်၊ သစ္စာရှိတယ်၊ ရှင်းရှင်းတွေးပြီး ပြတ်ပြတ်သားသား လုပ်ကိုင်တတ်ကြတဲ့ ရှေးက ဘိုးဘွားဘီဘင်တွေရဲ့ လက်ဆင့်ကမ်းအမွေကို မပျောက်ပျက်အောင် ထိန်းသိမ်းလာခဲ့တာဟာလည်း ဒီကနေ့ဆိုရင် နှစ် ၂၇၅၇ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်း၊ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှု အမွေအနှစ်၊ ကောင်းမွန်တဲ့ ဓလေ့ထုံးစံ အစဉ်အလာတွေကို သားစဉ်မြေးဆက် ဆက်လက် ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားကြမယ်ဆိုတာကို သံသယဖြစ်ဖွယ်ရာ မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အတိတ်သမိုင်းကြောင်း တစ်လျှောက်လုံး ပြန်ကြည့်လိုက်ပါကလည်း ခက်ခဲကြမ်းတမ်းသည့် အချိန်များကို နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ဖြတ်သန်းကျော်လွှားနိုင်ခဲ့သည့် သမိုင်းအစဉ်အလာကောင်းများ တွေ့နိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် သက်တမ်း အရှည်ဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU (ကရင်အမျိုးသား အစည်းအရုံး) အဖွဲ့မှာ ၂၀၁၂ ခုနှစ် တွင် တစ်ဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ယင်းမှာ KNU သမိုင်းတွင် ပထမဆုံး လက်မှတ်ရေးထိုးသည့် အပစ်အခတ် ရပ်စဲရေးစာချုပ်လည်းဖြစ်သည်။

  • VIA