News

POST TYPE

POLITICAL

ရှစ်လေးလုံးပါတီ ဖွဲ့စည်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ပါဝင်သည့် နိုင်ငံရေးပါတီကို ရှစ်လေးလုံးပါတီဟု အမည်ပေးဖွဲ့စည်းလိုက်ကြောင်း ပါတီဦးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ထုတ်ပြန် ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၁၆ နှင့် ၁၇ ရက် နှစ်ရက်တာကျင်းပသည့် နိုင်ငံရေးပါတီဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ စုံညီအစည်းအဝေးအပြီးတွင် ပါတီနာမည်၊ ပါတီအမှတ် တံဆိပ်၊ ပါတီထူထောင်လိုသူများ စာရင်းနှင့် ပါတီဖွဲ့စည်းပုံမူဝါဒတို့ကို ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ရက်ပိုင်းအတွင်း ပါတီတည်ထောင်ခွင့် လျှောက်ထားရန် စီစဉ်နေသည့် ရှစ်လေးလုံးပါတီ ထူထောင်လိုသူများ စာရင်းတွင် ပထမခေါင်းဆောင်အဖြစ်  ဦးကိုကိုကြီးနှင့် ဒုတိယခေါင်းဆောင်အဖြစ် ဦးမင်းဇေယျတို့ ဆောင်ရွက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သတင်းစာ ရှင်းလင်းပွဲတွင် အတည်ပြု ဖြေကြားခြင်းမရှိခဲ့ပေ။

ယင်းနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် The Voice Daily  က ဦးကိုကိုကြီးကိုမေးမြန်းရာ “အဲ့ဒါကတော့ ကျွန်တော်တို့ မှတ်ပုံတင်ပြီးတဲ့အခါ တရားဝင် ထုတ်ပြန်ပါ့မယ်”ဟုသာ ပြန်လည်ဖြေကြားသည်။

ပါတီဖြစ်မြောက်ရေး ကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးအံ့ဘွယ်ကျော်ကို ဆက်သွယ် မေးမြန်းရာတွင်လည်း “ကော်မရှင်ကို တင်ပြရမယ့် ဆက်သွယ်ရန် အဓိက တာဝန်ခံ 
နှစ်ယောက်မှာ တစ်ယောက်ကတော့ ဦးကိုကိုကြီးပေါ့။ ဒုတိယတစ်ယောက်ကတော့ မရွေးရသေးပါဘူး။ ပါတီထူထောင်လိုသူများ စာရင်းကိုတော့ ၁၉ ယောက်တင်ဖို့ အကြမ်းဖျင်း လျာထားပါတယ်”ဟု ရှင်းပြပြောဆိုသည်။

သို့သော် ပါတီဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သော ဦးကိုကိုကြီး၊ ဦးမင်းဇေယျနှင့် ဦးရဲနိုင်အောင်တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

နှစ်ရက်တာ စုံညီ အစည်းအဝေးတွင် နယ်အသီးသီးမှ တက်ရောက်လာသည့် ပါတီဖြစ်မြောက်ရေး ကော်မတီဝင် အားလုံး၏ သဘောတူညီချက်အရ ရှစ်လေးလုံးပါတီဟု နာမည် သတ်မှတ်လိုက်ပြီး ယခုအစည်းအဝေးတွင် ပါတီဖွဲ့စည်းပုံ အတည်ပြုချက် ရယူနိုင်ခဲ့သည့်အတွက် ပါတီမှတ်ပုံတင်ခြင်းကိစ္စကို ယခုရက်ပိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက ပြောကြားသည်။

ပါတီခေါင်းဆောင် ရွေးချယ်ခြင်းနှင့်ပတ်သတ်၍ ကော်မရှင်သို့ တင်ပြပြီးပါက ပါတီဝင်များ ပြန်လည်စုစည်းပြီး ခေါင်းဆောင်ရွေးချယ်ခြင်း အပိုင်းကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပါတီရဲ့မူဝါဒတွေမှာ ထိပ်တန်းက ထည့်ထားတာတွေက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပါ။ ဒါဟာ ကျွန်တော်တို့ ရှစ်လေးလုံး ငွေရတု အခမ်းအနားရဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ဒါကိုဦးစားပေး ရေးဆွဲထားပါတယ်”ဟု ၎င်းကဆိုသည်။

ပါတီထူထောင်ရာတွင်လည်း ၎င်းတို့နှင့် မူဝါဒ၊ ယုံကြည်ချက် တူညီသည့် နိုင်ငံရေးပါတီများ အထူးသဖြင့် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဆက်ဆံရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် မဟာမိတ်မူဝါဒများလည်း ချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုဖွဲ့စည်းသည့်ပါတီသည် ကျောင်း သားတပ်မတော်ရဲဘော်ဟောင်းများ၊  နယ်အသီးသီးတွင်ပြန့်ကျဲနေသည့် ၈၈  ရဲဘော်ဟောင်းများ၊ မျိုးဆက်အသီးသီးမှ  ရဲဘော်များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကရင်၊ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှအပ ပြည်နယ် ၁၀ ခုတွင် ပါတီဖြစ်မြောက်ရေး ရုံးခန်းများဖွင့်လှစ်ခြင်းနှင့် အဖွဲ့ဝင် စုဆောင်းခြင်းများကို ပြုလုပ်နေပြီဖြစ်သည်။

J-09