News

POST TYPE

POLITICAL

အာဆီယံ ထိပ်သီး အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
03-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၃

လာအိုနိုင်ငံတွင် ကျင်းပမည့် ၂၈ ကြိမ်မြောက်နှင့် ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးပွဲများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ကာ လာအိုနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေးများသို့ စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောသည်။

“အဓိက ပြောရမယ်ဆိုရင် ဒါက အာဆီယံ ထိပ်သီး အစည်းအဝေး၊ ပြီးတော့ အခြား ဆက်စပ် ထိပ်သီး အစည်းအဝေးတွေလည်း ရှိတယ်၊ အာဆီယံနဲ့ ကိုရီးယား၊ အာဆီယံနဲ့ UN၊ အာဆီယံနဲ့ တရုတ် စသည်ဖြင့် ထိပ်သီး အစည်းအဝေးတွေ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ တက်ရောက်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ အစည်းအဝေးသို့ အရှေ့ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ အပါအဝင် တရုတ်၊ ဂျပန်၊ ကိုရီးယား အိန္ဒိယ၊ နယူးဇီလန်၊ သြစတြေးလျ၊ ရုရှားနှင့် အမေရိကန်နိုင်ငံမှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပြီး ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင်များနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တို့ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း အစည်းအဝေးတွင် အာဆီယံ အချက်အချာ ကျမှုများ၊ အာဆီယံနှင့် တရုတ် ဆွေးနွေးမှုများ၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ခေါင်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ဒုတိယပတ်တွင် အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီးသွားရောက်မည်ဖြစ်ပြီး နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။


  • VIA