News

POST TYPE

POLITICAL

ALD ပါတီ၏ ပထမဆုံး CEC အစည်းအဝေး ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပမည်
11-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ (CEC) ၏ ပထမအကြိမ် အစည်းအဝေးနှင့် ပါတီရေးရာကော်မတီများ ဖွဲ့စည်းခြင်းကို ဒီဇင်ဘာလ ၂၃ ရက်တွင် တောင်ကုတ်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောကြားသည်။

ယခုကျင်းပမည့် အစည်းအဝေးသည် ALD ၏ ပါတီ မှတ်ပုံတင်ခွင့်ရရှိပြီး နောက်ပိုင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးမည့် ပထမဆုံးအကြိမ် အစည်းအဝေးလည်းဖြစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။

“အခုက ပါတီထူထောင်ခွင့်ရပြီး ပထမဆုံးလုပ်ရမယ့် CEC အစည်းအဝေး ဖြစ်တယ်။  ပါတီမှတ်ပုံတင်ကျပေမယ့်လည်း ဒီအတောအတွင်းက ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကြောင့် ပါတီလုပ်ငန်းစဉ်တွေ ဖြည်းဖြည်းသွားနေရတဲ့ သဘောရှိတယ်။ ဒီအစည်းအဝေးမှာ ဗဟိုအလုပ်အမှုဆောင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစည်းအဝေး၊ နောက်ပြီး ဗဟိုကော်မတီအစည်းအဝေးရှိမယ်။ နောက်ပြီး ပါတီဗဟိုအဖွဲ့ရုံးဖွင့်ပွဲကိုပါ  တစ်ဆက်တည်းလုပ်သွားမှာပါ”ဟု  ဦးမျိုးကျော်ကဆိုသည်။

ယင်း CEC အစည်းအဝေးသို့ ပါတီအခြေစိုက်ရာ မြို့နယ်များမှ တစ်မြို့လျှင် ငါးဦးနှုန်း တက်ရောက်ဆွေးနွေးရမည်ဖြစ်ပြီး ပါတီမူဝါဒအရ ပါတီအတွက် လိုအပ်သည့် လူငယ်၊ အမျိုးသမီးရေးနှင့် တောင်သူလယ်သမားဆိုင်ရာရေးရာ ကော်မတီများကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

လက်ရှိ ALD ပါတီဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့်က တာဝန်ယူပြီး ဒုဥက္ကဋ္ဌ-၁ အဖြစ် ပါတီဒုခေါင်းဆောင် ဦးအောင်စိုး၊ ကျောက်တော်မြို့မှ ဦးကျော်အေးက ဒုဥက္ကဋ္ဌ-၂ အဖြစ် တာဝန်ယူပြီး ဦးမျိုးကျော်က အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) သည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက် က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် စာရင်းသွင်းခဲ့ပြီး ဇူလိုင်လ ၁၈ ရက်တွင် ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၌ ပါတီဝင်အင်အား ၃၀၀၀ ကျော်ရှိရာ ဝင်ခွင့်လျှောက်လွှာတင်၍ ပြန်လည်ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် လေးဦးရှိကြောင်း ဦးမျိုးကျော်က ပြောကြားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲ၌ ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိသည့် ပါတီလည်းဖြစ်သည်။


  • VIA