News

POST TYPE

POLITICAL

တပ်မတော်နှင့် အပစ်ရပ်ရှစ်ဖွဲ့လုံခြုံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးမည်
11-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့ လုံခြုံရေးကဏ္ဍ သဘောတူညီမှုရရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ယင်းသို့ တပ်မတော်နှင့် လုံခြုံရေးကဏ္ဍတွင် အလွတ်သဘော ဆွေးနွေးရေးအတွက် NCA ထိုးထားသည့်အဖွဲ့များမှ ခြောက်ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ပြီးခဲ့သည့်ရက်ပိုင်းက ဖွဲ့စည်းလိုက်ကြောင်း အပစ်ရပ်ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)  နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

တရားဝင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ လုံခြုံရေးကဏ္ဍတွင် တပ်မတော်နှင့် အပစ်ရပ်အဖွဲ့တို့အကြား အလွတ်သဘောတွေ့ဆုံကာ အကြိုသဘောတူညီမှု ပြုလုပ်ရန် လိုအပ်သည့်အတွက် ယင်းသို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“လုံခြုံရေးဆိုင်ရာ ကိစ္စတွေက နည်းနည်း Sensitive လည်း ဖြစ်တယ်။ နောက်တစ်ဖက်ကလည်း ဆွေးနွေးချိန်တိုတယ်။ ဆွေးနွေးချိန်နည်းရင် မပြေလည်ဘူး။ ဒါကြောင့် သဘောထားတွေ အပြန်အလှန် ကျစ်ကျစ်လျစ်လျစ် ပြောနိုင်အောင် အကြိုဆိုပြီးတော့ ကြိုးစားကြည့်လိုက်တာပေါ့။ ကျွန်တော်ထင်တယ် ဒီဇင်ဘာ ၂၀ လောက်မှ ဖြစ်မယ်ထင်တယ်”ဟု ၎င်းကဆိုသည်။

ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ သဘောတူနိုင်ခဲ့ခြင်း မရှိဘဲ နိုင်ငံရေးဆိုင်ရာ မူဝါဒ ၁၂ ချက်၊ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၁ ချက်၊ လူမှုရေးဆိုင်ရာ မူဝါဒ ၄ ချက်နှင့် မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ၁၀ ချက် စုစုပေါင်း မူဝါဒသဘောတူချက်ပေါင်း ၃၇ ချက် သဘောတူခဲ့သည်။

အဆိုပါညီလာခံတွင် လုံခြုံရေးကဏ္ဍတွင် တစ်ခုတည်းသော တပ်မတော် အသုံးအနှုန်းနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခြင်း ရှိခဲ့သော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) စသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

J-08

  • VIA