News

POST TYPE

POLITICAL

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ နေရာချထားရေး အန်ဂျီအိုများ စွက်ဖက်ခွင့်မရှိဟု အစိုးရတုံ့ပြန်
10-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁

 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့  ပြန်ရောက်လာမည့် ဒုက္ခသည်များကို နေရာချထားမှုနှင့်ပတ်သက်၍ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအနေနှင့် ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးအောင်က တုံ့ပြန် ပြောကြားသည်။

ရခိုင်ပြည်နယ်သို့ ပြန်ရောက် လာမည့် ဒုက္ခသည်များကို မူလနေရာချထားပေးရန် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ဆယ်ဖွဲ့၏ ဒီဇင်ဘာလ ၉ ရက် ကြေညာချက်အပေါ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒါကအစိုးရရဲ့ စီမံခန့်ခွဲမှုတွေပါ။ သူတို့ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။ နိုင်ငံတော်က ပြည်သူစီးပွားရေး လူမှုရေး အားလုံးပေါ် အခြေခံပြီး ပြန်လည်နေရာ ချထားရေး လုပ်နေတာ။ သူတို့စွက်ဖက်ခွင့် မရှိဘူး။ ပြောချင်တာတွေထ ပြောနေတာပါ”ဟု ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြည်လည်ရောက် ရှိလာမည့်ဒုက္ခသည်များကို ယခင်နေထိုင်ခဲ့သော မူလနေရာများတွင် ပြန်လည် နေရာ မချထားပေးပါက အကူအညီမပေးဘဲ သပိတ် မှောက်သွားမည်ဖြစ်ကြောင်း Save the  Children နှင့်  Oxfam အပါအဝင် နိုင်ငံတကာအန်ဂျီအို ဆယ်ဖွဲ့က ဒီဇင်ဘာလ ၉ ရက် ကြေညာခဲ့သည်။  

ယင်းထုတ်ပြန်ချက်အပေါ်  ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များနေရာ ပြန်လည် ချထားရေးတွင် မူလနေရာ သို့မဟုတ် မူလနေရာနှင့် အနီးစပ်ဆုံး နေရာများတွင် နေရာချထားရန် စီစဉ်ထားကြောင်း  ဦးစိုးအောင်က ပြောကြားသည်။

ဘူးသီးတောင်၊ မောင်တောရှိ ကျေးရွာများ ပြန်လည် တည်ဆောက်ရေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်း၊ သောက်သုံးရေကန်၊ ကလေး ကစားကွင်း၊ ကျန်းမားရေးဆေးခန်း၊ ဈေးစသည့်အခြေခံ အဆောက်အဦများကို စနစ်တကျ ပြန်လည် တည်ဆောက်နေကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံတကာအန်ဂျီအိုများ၏ ထုတ် ပြန်ချက်အပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “အဲဒါတွေ ကျွန်တော် တို့မသိသေးဘူး အဲတော့ မဖြေတက်ဘူး။ မြန်မာနိုင်ငံထဲ ဝင်ရောက်လာတဲ့ နိုင်ငံသား အကူအညီပေးရေးအဖွဲ့တွေမှာ လိုက်နာရမယ့် စည်းကမ်းတွေရှိတယ်။ အဲဒါကို ကျော်ပြီးတော့ လုပ်လိုမရဘူး”ဟု ဆိုသည်။

၂၀၁၂ခုနှစ် ရခိုင်ပဋိပက္ခအပြီး ဒုက္ခသည်စခန်းများကို ပြောင်းရွှေ့ခံခဲ့ရသည့် မူဆလင်ဘာသာဝင် တစ်သိန်းကျော်သည် မူလနေထိုင်ရာ နေရာများသို့ ပြန်သွားခွင့်မရဘဲ အကျဉ်းစခန်း ကဲ့သို့သော နေရာများတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် နည်းတူ ထပ်မံ မကြုံတွေ့စေရန် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း နိုင်ငံတကာ အန်ဂျီအို ဆယ်ဖွဲ့၏ဒီဇင်ဘာလ ၉ ရက် ကြေညာချက်တွင် ရေးထားသားထားသည်။

J-18


  • VIA