News

POST TYPE

POLITICAL

စစ်ရှောင်များ ပြန်လည်နေထိုင်နိုင်သည့် ရွာ ၃၀ ကျော်ရှိဟု KBC ဆို
10-Dec-2017 tagged as စစ်ဘေးရှောင်

ရန်ကုန်၊ ဒီဇင်ဘာ ၉

ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များ ပြန်လည်နေထိုင်နိုင်မည့် ကျေးရွာစာရင်းများကို ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ကောက်ခံလျက်ရှိရာ ပြန်လည်နေထိုင်နိုင်သည့် ကျေးရွာ ၃၀ ကျော် စာရင်းရရှိထားကြောင်း KBC အတွင်းရေးမှူး ဒေါက်တာ ခလမ်းဆန်ဆွမ်က ပြောကြားသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC သည် ပြီးခဲ့သည် စက်တင်ဘာလအတွင်းမှစ၍ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက်မြို့နယ်တို့မှ ပြန်လည်နေထိုင်နိုင်မည့် ကျေးရွာစာရင်းများကို ကောက်ခံနေခြင်း ဖြစ်သည်။

“အခုကတော့ ကျွန်တော်တို့က ကျေးရွာစာရင်းတွေကို ကောက်ခံနေတာပေါ့။ အလုပ်ကတော့ ခရီးသိပ်မရောက် သေးဘူး။ တချို့ကလည်း သူတို့ ဆန္ဒအလျောက် ပြန်နေကြတာမျိုးရှိတယ်။ အများကြီးတော့ လုပ်ရဦးမှာ။ စာရင်းတွေ ကောက်တာတွေက  နိုင်ငံတကာ အဆင့်မီလုပ်ရမယ်။ တစ်ဖက်မှာလည်း နေရပ်ပြန်ဖို့ မိုင်းရှင်းတာတွေ လုပ်ပေးရဦးမယ်” ဟု ဒေါက်တာ ခလမ်းဆန်ဆွမ်က ဆိုသည်။

KBC အနေနှင့် ကျေးရွာစာရင်းများ စာရင်းကောက်ခံရာတွင် ဒေသခံ အသင်းတော်များ၊ ကက်သလစ်အဖွဲ့များနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားကာ နေရပ်ပြန်နိုင်ရေးကို ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ စစ်ရှောင်များ ပြန်လည်နေထိုင်နိုင်သည့် ကျေးရွာစာရင်းများကို အပြီးသတ်ကောက်ယူပြီးပါက အစိုးရ၊ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO) တို့ထံ တင်ပြသွားမည်ဟု ဒေါက်တာ ခလမ်းဆမ်ဆွမ်က ပြောကြားသည်။

ယင်းသို့ စစ်ဘေးဒုက္ခသည်များ  နေရပ်ပြန်နိုင်သည့် ကျေးရွာစာရင်း ကောက်ယူခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် KBC တာဝန်ရှိသူများ ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က နေပြည်တော်၌ တွေ့ဆုံပြီးနောက် နောက်ဆက်တွဲလုပ်ဆောင်သည့် ကိစ္စများလည်းဖြစ်ကြောင်း KBC တာဝန်ရှိသူများက ပြောဆိုသည်။

ယင်းတွေ့ဆုံပွဲတွင် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်စဉ် ကူညီပေးရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ပေးရန် KBC ဘက်က အဆိုပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း တနိုင်းရှိ စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များနှင့် တပ်မတော်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများအပြီး ၎င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်က မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးမည်ဟု ပြောကြားထားခြင်းများလည်းရှိကြောင်း KBC ထံမှ သိရသည်။

တပ်မတော်နှင့် KIO/KIA တို့ ၂၀၁၁ ခုနှစ်မှစတင်သော တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲများသည် ယခုနှစ် ဒီဇင်ဘာလရောက်ချိန်ထိ ခြောက်နှစ်ခွဲကာလသို့ ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတို့မှ ဒေသခံ တစ်သိန်းကျော်သည် ယာယီစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်သည်။

J-09