News

POST TYPE

POLITICAL

မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဦးနေမျိုးကျော် NLD ပါတီတာဝန်များ ရပ်ဆိုင်း
08-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၈

ပြီးခဲ့သည် လအနည်းငယ်အတွင်း၌ ဘဏ်ဝန်ထမ်းတစ်ဦးနှင့် လူမှုရေးပြသနာများ ပေါ်ပေါက်ခဲ့သော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်ကို ပါတီတာဝန်များ ရပ်နားလိုက်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက The Voice သတင်းစာသို့ ပြောသည်။

ဦးနေမျိုးကျော်သည် ထိုကဲ့သို့ လူမှုရေး ပြဿနာများ ပေါ်ပေါက်ခဲ့ပြီးနောက် တိုင်ကြားစာများကို စစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်အရ အရေးယူလိုက်ခြင်းဖြစ်ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက The Voice သတင်းစာသို့ အတည်ပြုပြောကြားသည်။

“ဦးနေမျိုးကျော်ကို ပါတီတာဝန်တွေ ရပ်ဆိုင်းလိုက်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထိုကဲ့သို့ ဦးနေမျိုးကျော်အား ပါတီတာဝန်များ ရပ်ဆိုင်းလိုက်ခြင်းသည် ပါတီ၏ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့နှင့် သက်ဆိုင်သည့်တာဝန်သည် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်သာ သက်ဆိုင်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။

“ကျွန်တော်သိတာကတော့ ပါတီတာဝန်တွေ ရပ်ဆိုင်းတယ်ဆိုတာ သိတယ်။ ဗဟိုရုံးချုပ်ကစာက တိုင်းအလုပ်မှုဆောင် ဥက္ကဋ္ဌ ဦးသိန်းဇော်ထံကို စာဝင်တယ်။ အဲ့စာအတိုင်းပဲ ပါတီတာဝန်တွေကို ရပ်ဆိုင်းလိုက်တယ်။ ဒါပဲ ကျွန်တော် သိတယ်”ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါတ်တာအောင်မိုးညိုက The Voice သို့ ပြောသည်။

“လက်ရှိ အစိုးရတာဝန်ကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်မယ်ဆိုတာ ကျွန်တော် ဘာမှ မသိရပါဘူး”ဟု ဒေါက်တာ အောင်မိုးညိုက ဆက်လက်ပြောသည်။

ထိုကဲ့သို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်ကို ပါတီမှရပ်ဆိုင်းလိုက်ခြင်းအပေါ် ကာယကံရှင်ထံ The Voice သတင်းစာမှ ဆက်လက် ဆက်သွယ်မေးမြန်းခဲ့သည်။ သို့သော် ဦးနေမျိုးကျော်မှ ပါတီတာဝန် ရပ်ဆိုင်းခံရခြင်းကို ပြန်လည် ပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။

“ကျွန်တော် အစည်းအဝေး တက်နေလို့ပါ”ဟု ဦးနေမျိုးကျော်က The Voice သတင်းစာသို့ ပြောသည်။

J-07

  • VIA