News

POST TYPE

POLITICAL

လဲချား SNLD ပြည်သူ့လွှတ်တော်အမတ် နှလုံးရောဂါဖြင့် ကွယ်လွန်
07-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းသည် ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း အဆိုပါပါတီထံမှ သိရသည်။

ဦးစိုင်းမွန်းသည် လဲချားမြို့နယ် SNLD ပါတီဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်ရှိပြီဖြစ်ပြီး ကျန်ရှိရုပ်အလောင်းကို ဒီဇင်ဘာလ ၇ ရက်တွင် လဲချားမြို့ သုသာန်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏မိသားစုထံမှ သိရသည်။

ဦးစိုင်းမွန်းသည် SNLD ပါတီ တည်ထောင်စဉ်တည်းက ပါတီတွင် ပါဝင်လာခဲ့သူတစ်ဦးဖြစ်ပြီး ဦးဆောင်မှုကောင်းသည့် လူတော်တစ်ဦးကို ဆုံးရှုံးရခြင်းဖြစ်၍ ပါတီအတွက် နစ်နာမှုတစ်ခုဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်သူ ဦးစိုင်းလိတ်က ပြောကြားသည်။

ဦးစိုင်းမွန်းသည် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နေသူလည်းဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ ၂ ရက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစံခင်သည် ၎င်း၏နေအိမ်၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည့်အတွက် ယခုလ (ဒီဇင်ဘာလ) အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဆက်တိုက် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

J-08

  • VIA