News

POST TYPE

POLITICAL

နိုင်ငံအမည်သစ်တစ်ခု သတ်မှတ်ရန် UNFC ပြော
02-Sep-2016

နေပြည်တော်၊ စက်တင်ဘာ ၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု လက်ရှိ ခေါ်တွင်သော နိုင်ငံ၏အမည်မှာ ဗမာတိုင်းရင်းသား တစ်မျိုးကိုသာ ကိုယ်စားပြုသဖြင့် နိုင်ငံအမည်သစ် တစ်ခု သတ်မှတ်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ၂၁ ရာစု ပင်လုံညီလာခံတွင် ပြောဆိုလိုက်သည်။

အမည်သစ် သတ်မှတ်ပေးရန် ပြောဆိုမှုကို UNFC ၏ ဒုတိယဥက္ကဋ္ဌ မွန်တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သူ နိုင်ဟံသာက စက်တင်ဘာလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ညီလာခံတွင် ဖတ်ကြား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဗမာနဲ့ မြန်မာ ဆိုတာကတော့ အတူတူပဲဆိုတာ အားလုံးလည်း သိကြပါတယ်”ဟု နိုင်ဟံသာက ဆိုသည်။

စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများ အားလုံး၏ တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်ရန် တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုမည့် အမည်သစ် တစ်ခု ဆွေးနွေး သတ်မှတ်သင့်ကြောင်း နိုင်ဟံသာက ထပ်လောင်းပြော ဆိုသည်။

UNFC ကို အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ၂၁ ရာစုပင်လုံ  ညီလာခံသို့ စာတမ်း တစ်စောင် တင်သွင်းခဲ့သည်။

အဆိုပါ စာတမ်းတွင် နိုင်ငံအမည်သစ် ပြောင်းလဲ သတ်မှတ်ရန် ထည့်သွင်း တင်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အမည်များကို ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေတွင် ပြည်ထောင်စု မြန်မာနိုင်ငံ၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေတွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေတွေ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု အသီးသီး ခေါ်ဝေါ် သတ်မှတ်ခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံသို့ အဖွဲ့အစည်း အသီးသီးက သဘောထား အမြင် စာတမ်းများ ဖတ်ကြား တင်သွင်းခဲ့ပြီး ထိုစာတမ်းများကို မှတ်တမ်းတင် ထားရှိမည် ဖြစ်သည်။ 

  • VIA