News

POST TYPE

POLITICAL

၂၁ ရာစု ပင်လုံညီလာခံကို 'ဝ' ကိုယ်စားလှယ်အဖွဲ့ ကျောခိုင်းပြီး နေရပ်ပြန်
02-Sep-2016 tagged as ပင်လုံညီလာခံ

နေပြည်တော်၊ စက်တင်ဘာ ၁

နေပြည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) သို့ တက်ရောက်လာသော 'ဝ'ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA) မှ ကိုယ်စားလှယ်လေးဦးသည်  ညီလာခံဝင်ခွင့် ကတ်ပြားကိစ္စကြောင့် အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ဘဲ နေရပ်သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း တက်ရောက်သည့် ကိုယ်စား လှယ်များက ပြောကြားသည်။

အဆိုပါ 'ဝ' ကိုယ်စားလှယ်တို့ကို ပေးထားသည့် ဝင်ခွင့်ကတ်သည် လေ့လာသူအဖြစ် သတ်မှတ်ထားသော ကတ်ဖြစ်နေသောကြောင့် ခွဲခြားဆက်ဆံသည်ဟု ယူဆပြီး ညီလာခံမှ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကိုယ်စားလှယ် ဦးညီနပ်က ဆိုသည်။

"စိတ်မသိုးမသန့်ဖြစ်ပြီး ခွဲခြားဆက်ဆံခြင်းဆိုပြီး ပြန်သွားတယ်လို့ ကြားရပါတယ်။ ကျင်းပရေး ကော်မတီမှာ တာဝန်ရှိလို့ မပြန်သေးခင် ခွဲခြားဆက်ဆံခြင်း မဟုတ်ပါဘူးလို့ ပြောတယ်။ ဌာနချုပ်ကို အကြောင်းကြားပြီး လုပ်ပေးပါလို့ ကျွန်တော်တို့ ညှိနှိုင်းခဲ့တယ်။ နောက် နေပြည်တော်က ထွက်သွားပြီလို့ ဝမ်းနည်းစွာ ကြားရပါတယ်" ဟု ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းက ပြောကြားသည်။

'ဝ' အဖွဲ့သည် ယနေ့(စက်တင်ဘာ ၁) ကျင်းပသော နံနက်ပိုင်း အစည်းအဝေးသို့ ခေတ္တ တက်ရောက်ခဲ့ပြီးနောက် ညီလာခံမှ ထွက်ကာ နေပြည်တော်ရှိ Junction စင်တာတွင် ဈေးဝယ်ထွက်၍ နေ့လည်စာ စားနေချိန်၌ ညီလာခံကျင်းပရေး တာဝန်ရှိသည့် ဦးခင်ဇော်ဦး (ဒုတိယဗိုလ်ချုပ်ကြီး ငြိမ်း)၊ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းနှင့် ABSDF မှ ဦးမျိုးဝင်းတို့က သွားရောက် ညှိနှိုင်း တောင်းပန်ခဲ့ခြင်းဖြစ်သည်။

ယင်းညှိနှိုင်းချက်တွင် ခေါင်းဆောင်ပိုင်းများထံ ဆက်သွယ်၍ ညီလာခံ ပြန်လည်တက်ရောက်ပေးရန် တောင်းဆိုခဲ့ပြီး နောက် 'ဝ' အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

'ဝ' အဖွဲ့အနေနှင့်  ညီလာခံသို့ တင်ပြဖတ်ကြားမည့် အစီရင်ခံစာကို ပေးထားခဲ့သောကြောင့် ယင်းတင်ပြချက်ကို အခြား အဖွဲ့အစည်းများနှင့် တန်းတူ မှတ်တမ်းအဖြစ် သိမ်းဆည်းကာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးခင်ဇော်ဦးက ဆိုသည်။

'ဝ' အဖွဲ့ကို တိုင်းရင်းသားအဖွဲ့များမှ လူဦးရေ ၂၀၀ ခန့်နှင့်အတူ အားကစားကျေးရွာတွင် တည်းခိုရန် စီစဉ်ထားခဲ့သော်လည်း ၎င်းတို့အဖွဲ့သည် ဟိုတယ်တွင်သာ တည်းခိုနေခြင်းကြောင့် လည်ဆွဲကတ်ပေးသည့် စေတနာ့ဝန်ထမ်းများအနေနှင့် ရှာမတွေ့ခြင်း၊ ညီလာခံ တက်ရောက်လာသည့်အချိန်တွင် လူဦးရေ များပြားသောကြောင့် ရှာမတွေ့ခြင်းတို့ကြောင့် အလွယ်တကူဖြစ်သော လေ့လာသူကတ်ကို ဝန်ထမ်းများက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက ထပ်လောင်းပြောသည်။

ယင်းဖြစ်စဉ်ကို နိုင်ငံတော် အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေးကိုသာ ဦးတည် လုပ်ဆောင်စေလိုသောကြောင့် 'ဝ' အဖွဲ့ ရှိနေသည့် နေရာသို့ ခေါင်းဆောင်များက သွားရောက် တောင်းပန်ခဲ့ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

'ဝ' ဘက်မှ တက်ရောက်လာသူများသည် ဆုံးဖြတ်ချက်ချနိုင်သည့် ခေါင်းဆောင်ပိုင်းများ မဟုတ်သောကြောင့် ယခုကဲ့သို့ကိစ္စသည် မပြေလည် ဖြစ်ခဲ့ရခြင်းဖြစ်ပြီး နောက်နောင်တွင် နိုင်ငံတော်အဆင့် ခေါင်းဆောင်များ ပြုလုပ်သည့် ယခုကဲ့သို့ အစည်းအဝေးသို့ ဆုံးဖြတ်ချက် ချနိုင်သည့် ခေါင်းဆောင်များ တက်ရောက်လာစေလိုကြောင်း ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းက ဆိုသည်။

ယင်းအပြင် ယနေ့တင်ပြသော အဖွဲ့အစည်းနှင့် ပါတီများသည် အမြင်မတူညီသည့် ကိစ္စများရှိသကဲ့သို့ အမြင်တူသော ကိစ္စများရှိသောကြောင့် ထပ်မံ ညှိနှိုင်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

"ညီနောင် တိုင်းရင်းသားသုံးဖွဲ့ကိုလည်း ပါလာဖို့ တိုက်တွန်းကြတယ်။ ခြုံပြီး သုံးသပ်ရင် အောင်မြင်တဲ့ အစည်းအဝေး ဖြစ်တယ်။ ဒီညီလာခံပြီးရင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမယ်။ နောက်မှာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်" ဟု ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းက ဆိုသည်။