News

POST TYPE

POLITICAL

အပစ်ရပ် စောင့်ကြည့်ရေး လုပ်ငန်းစဉ်အတွက် ဘတ်ဂျက်ဒေါ်လာ တစ်သန်းခန့် တိုးမြှင့်သွားမည်
24-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၂၃

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းစဉ်များအတွက် လာမည့် ၂၀၁၈-၁၉ ဘတ်ဂျက်နှစ်တွင် ဒေါ်လာတစ်သန်းခန့် ထပ်မံတိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးမှ သိရသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့ထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန (NRPC) တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဒေသဆိုင်ရာအဆင့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီဝင်များ တိုးချဲ့ခန့်သွားရန်၊ JMC ရုံးစိုက်ရာမြို့များတွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်သွားရန် စသည်တို့အပြင် ၂၀၁၈-၁၉  JMC ဘတ်ဂျက်အတွက်ပါ ဆွေးနွေးခဲ့ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

မူလက JMC ဘတ်ဂျက်မှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၃ သန်းရှိပြီး လာမည့် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ကန်ဒေါ်လာ ခြောက်သန်းကျော်အထိ တိုးမြှင့်သုံးစွဲသွားရမည်ဖြစ်ကြောင်း JMC-U ၏ အတွင်းရေးမှူး ဒေါက်တာရွှေခါးက အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယင်းသို့ JMC ဘတ်ဂျက် တိုးမြှင့်လာရခြင်းမှာ JMC ၏ လူထုတွေ့ဆုံပွဲများကို ပြုလုပ်သွားမည့် အစီအစဉ်များကြောင့် ဖြစ်ကြောင်း ဒေါက်တာရွှေခါးက ဆိုသည်။

“လူထုတွေ့ဆုံပွဲတွေက ပြည်နယ်အဆင့် ဒေသအဆင့်တွေမှာ ပြုလုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ၆ ဒသမ ၃ သန်းလောက် တိုးလာမယ်လို့ ခန့်မှန်းထားတယ်။ အသေးစိတ်ကိုတော့ လာမယ့် ဒီဇင်ဘာလလောက်မှ သိရမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

JMC သည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိတွေ့တိုက်ခိုက်မှုများကို စောင့်ကြည့်ထိန်းကြောင်းရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး JMC အတွင်း NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်၊ အစိုးရနှင့် လွှတ်တော်တို့မှ ကိုယ်စားလှယ်များအပြင် အရပ်သား စောင့်ကြည့်ရေး ကိုယ်စားလှယ်များ ပါဝင်သည်။

လက်ရှိတွင် NCA စာချုပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) စသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

J-08

  • VIA