News

POST TYPE

POLITICAL

ရခိုင်ပြည်နယ်အရေးတွင် မြန်မာဘက်က ရပ်တည်ပေး၍ တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း တပ်ချုပ်ပြော
23-Nov-2017

ရန်ကုန် ၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၂၂ ရက်က ဘေဂျင်းမြို့၌ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်ချုပ်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရှေးယခင်ကတည်းက ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိခဲ့ပြီး ယခုတွေ့ဆုံမှုမှ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ရေး၊ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူပင် Gen. Li Zuocheng က တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှုမှ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများတွင် ပိုမိုတိုးတက်စေနိုင်ပြီး တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်များတွင်လည်း ကူညီထောက်ပံ့ပေးခဲ့ပြီး အကူအညီများ ဆက်လက်ပေးမည်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ် အရေးကိစ္စတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် အားကစားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ တပ်မတော်ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန်စေလွှတ်ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှုပိုမို မြှင့်တင် ဆောင်ရွက်နိုင်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန် ချက်များအရ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေကျင်းမြို့သို့ ချစ်ကြည်ရေးခရီး သွားရောက်နေခြင်း ဖြစ်သည်။

သို့သော်လတ်တလော ထုတ်ပြန်လိုက်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ် အရေးတွင် ဘင်္ဂါလီ (မူရင်း အသုံး- ရိုဟင်ဂျာ) များအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု (Ethnic cleansing)  ကျုးလွန်ရာရောက်ကြောင်း ထင်ရှားနေသည်ဟု ဖော်ပြထားသည်။

J-09

  • VIA