News

POST TYPE

POLITICAL

NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ရုံး ရန်ကုန်တွင် ပထမဆုံးဖွင့်
18-Nov-2017
ရန်ကုန်၊ နိုဝင်ဘာ ၁၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရုံးကို ရန်ကုန်တွင် ပထမဆုံး စတင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါရုံးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန (NRPC) ရုံးဘေးတွင် နိုဝင်ဘာလ ၁၈ ရက်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်နှင့် NCA  ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တက်ရောက်ကြသည်။

ယခင်က အပစ်ရပ် လက်မှတ်ရေး ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ၏ သီးခြားရုံးဟူ၍မရှိဘဲ ယင်းအဖွဲ့များ၏ အစည်းအဝေးများကို ပြင်ပ ဟိုတယ်များတွင် အလျဉ်းသင့်သလို ကျင်းပလေ့ ရှိသည်။

ယင်းသို့ လက်မှတ် ထိုးထားသည့် အဖွဲ့များ၏ ဆက်ဆံရေးရုံးကို ဖွင့်လှစ်နိုင်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်း မီဒီယာများ၊ နိုင်ငံတကာ သံတမန်များနှင့် လွယ်ကူစွာ ဆက်ဆံနိုင်သည့် အခြေအနေများကို ဆောင်ရွက်နိုင်ကြောင်း ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“ဒီနေရာမှာ ဆုံချက်အဖြစ် ထားပြီးတော့ အလုပ် ပိုမိုတွင်ကျယ်အောင် လုပ်သွားနိုင်ဖို့ အစီစဉ်ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါရုံးတွင် တိုင်းရင်းသား အဖွဲ့အစည်းများမှ စုစည်းထားသည့် ရုံးအဖွဲ့ဝင် ၂၈ ဦးဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အစည်းအဝေးများနှင့်ပတ်သက်၍ အထောက်အကူပြုသည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

NCA စာချုပ်ကိုကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်း ရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)နှင့် ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) စသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

J-08


  • VIA