News

POST TYPE

POLITICAL

(၂၁)ရာစုပင်လုံညီလာခံမှ 'ဝ'အဖွဲ့ ထွက်ခွာမှု ပြန်လည်ညှိနှိုင်း
နေပြည်တော်၊ စက်တင်ဘာ ၁

(၂၁)ရာစုပင်လုံညီလာခံမှထွက်သွားသည့် UWSA ကိုယ်စားလှယ် လေးဦးနှင့် ဦးခင်ဇော်ဦးအဖွဲ့တို့သည် နေပြည်တော် ဂျန်းရှင်းစင်တာရှိ YKKO ၌ ယနေ့(စက်တင်ဘာ ၁ ရက်) မွန်းလွဲပိုင်းတွင် နေ့လယ်စာ စားရင်းဆွေးနွေးလျက်ရှိကြောင်း TheVoice သတင်းထောက်က သတင်းပေးပို့သည်။

ညီလာခံ နံနက်ပိုင်း ရပ်နားချိန်တွင် ဦးခင်ဇော်ဦး(ဒုဗိုလ်ချုပ်ကြီး-ငြိမ်း)နှင့် ဒေါက်တာလျန်မုန်းဆာခေါင်တို့က ဈေးဝယ်ထွက်နေသော 'ဝ'ကိုယ်စားလှယ်အဖွဲ့ကို လိုက်ရှာ၍ ညှိနှိုင်းနေခြင်းဖြစ်သည်။

ယင်းသို့ ပြန်လည်ညှိနှိုင်းမှုနှင့်ပတ်သတ်ပြီး 'ဝ'ခေါင်းဆောင်များ၏ သဘောထားစောင့်ရမည်ဟု '၀' ကိုယ်စားလှယ်အဖွဲ့ ထံမှ သိရသည်။

ညီလာခံကျင်းပရေးကော်မတီဝင် ဦးခင်ဇော်ဦးကမူ '၀'အဖွဲ့သည် ပွဲစီစဉ်သူများအနေဖြင့် လူပေါင်း ၁၆၀၀ ခန့်ကို စီမံခန့်ခွဲရသဖြင့် ယခုကိစ္စသည် နားလညမှုလွဲမှားခြင်းသာဖြစ်ပြီး ပြန်လည်ညှိနှိုင်းသွားမည်ဟု မီဒီယာများသို့ ပြောသည်။

ညီလာခံ ပူးတွဲကျင်းပရေးကော်မတီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက “နားလည်မှုလွဲတာ ဖြစ်ပါတယ်။ သူတို့က လေ့လာသူ မဟုတ်ပါဘူး။ လောလောဆယ် ဝင်လို့ရအောင် လေ့လာသူကတ် ထုတ်ပေးထားတာ။ သူတို့ အခု မပြန်သေးဘူးလို့ ကြားပါတယ်။ သွားပြီးတော့ တောင်းပန်ပါ့မယ်”ဟု မီဒီယာများသို့ ပြောကြားသည်။

ယင်းကိစ္စကို ညနေသတင်းစားရှင်းပွဲတွင် ထုတ်ပြန်ပေးမည်ဟု သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။