News

POST TYPE

POLITICAL

ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC အစည်းအဝေးပျက်
16-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၁၁

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တို့ တွေ့ဆုံ၍ NCA လက်မှတ်ထိုးရေး အပြီးသတ် ဆွေးနွေးမည်ဟု ထုတ်ပြန်ထားသောရက်တွင် တရားဝင် အစည်းအဝေး ပျက်သွားကြောင်း တွေ့ဆုံမှုတွင် ပါဝင်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးရေး အပြီးသတ် ဆွေးနွေးရန် UNFC နှင့် အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့က တရားဝင် ထုတ်ပြန်ထားသော်လည်း အဆိုပါ ဆွေးနွေးပွဲ မပြုလုပ်ဖြစ်ခဲ့ဘဲ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကာ အလွတ်သဘောသာ တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး ဦးလှမောင်ရွှေက အဆိုပါ ဆွေးနွေးပွဲကို နှစ်ဖက်ညှိနှိုင်းကာ ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

ထို့ပြင် UNFC နှင့် ဒုတိယအကြိမ် ပြန်တွေ့မည့်အချိန်ကို သိရှိရခြင်းမရှိသေးဘဲ ပြန်လည် ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“UPDJC အစည်းအဝေး ခေါ်ဖို့ ပြင်ဆင်နေတော့ အဲဒီမှာ အများစုက နေပြည်တော် ရောက်နေမှာဆိုတော့ ခေါင်းဆောင်ပိုင်းချင်း ပြန်ညှိပြီးမှ ရက်သတ်မှတ်လို့ရမယ်လို့ ထင်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့ရခြင်းမှာ နှစ်ဖက် ဆွေးနွေးမှု အဆင်မပြေမှုကြောင့်ဖြစ်ပြီး အဆင်မပြေမှုအချို့ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တိုင်းရင်းသား မီဒီယာအချို့က သတင်းဖော်ပြခဲ့သည်။

UNFC နှင့် အစိုးရတို့သည် NCA လက်မှတ်ထိုးရေးအတွက် UNFC က အဆိုပြုထားသည့် အချက် ရှစ်ချက်အနက် အချက်နံပါတ် နှစ်တစ်ချက်သာ ကျန်ရှိတော့သည်ဟု နောက်ဆုံး တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သော်လည်း ယနေ့တွင် ဆွေးနွေးမှုကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

ယင်းနံပါတ် ၂ အချက်တွင် လွတ်လပ်မှု၊ တန်းတူညီမှုနှင့် တရားမျှတမှုကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန် ဟုဖော်ပြထားသည်။

လက်ရှိ အဆိုပါ တွေ့ဆုံပွဲတွင် ယင်းအချက်ကို ဆွေးနွေး သဘောတူနိုင်ပါက NCA ထိုးမည်ဟု UNFC က ပြောကြားထားသည့်အတွက် UNFC အဖွဲ့များ NCA လက်မှတ် ထိုးတော့မည်ဟု ငြိမ်းချမ်းရေး စောင့်ကြည့်သူများက မျှော်လင့်နေခြင်းဖြစ်သည်။

အစိုးရနှင့် UNFC တို့သည် NCA လက်မှတ်ထိုးရေးအတွက် ဆွေးနွေးနေသည်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်ပြီး လာမည့်တတိယ ပင်လုံမတိုင်မီ လက်မှတ် ရေးထိုးနိုင်မည်ဟု နှစ်ဖက်လုံးက မျှော်လင့်လျက် ရှိနေသည်။

မူလက UNFC အဖွဲ့အတွင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားကြီးအဖွဲ့ အများအပြား ရှိသော်လည်း သဘောထား ကွဲလွဲမှုအချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် UNFC ကို ဦးဆောင်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကဲ့သို့သော အဖွဲ့များ နုတ်ထွက်သွားခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) စသည့် NCA လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များ ကိုယ်စားပြု ပါဝင်နေသည်။

J-08

  • VIA