News

POST TYPE

POLITICAL

မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုလုပ်ရန် အစီအစဉ်မရှိကြောင်း အမေရိကန်ဆို
15-Nov-2017 tagged as အမေရိကန်

နေပြည်တော်၊ နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမည့်ကိစ္စများ ဖိအားပေး လုပ်ဆောင်သွားရန် အစီအစဉ်မရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောကြားလိုက်သည်။

ယနေ့ (နိုဝင်ဘာ ၁၅ ရက်) နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် နိုင်ငံခြားရေးဝန်ကြီး( နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်) ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်မည် မဟုတ်သော်လည်း မြန်မာနိုင်ငံအတွင်းမှ တစ်ဦးတစ်ယောက်ချင်းစီကို စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်သွားရန် အချက်အလက်များ ရရှိထားကြောင်း၊ ယင်းအပြင် တပ်မတော်၏ စီးပွားရေး လုပ်ငန်းများအပေါ် ပစ်မှတ်ထား၍ စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုနှင့် ခရီးသွားလာမှု ပိတ်ပင်မှုများ ချမှတ်လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တို့က ဖိအားပေး တောင်းဆိုမှုများ ရှိနေကြောင်း ရက်ဇ်တီလာဆန်က ပြောသည်။

မြန်မာအစိုးရအနေနှင့် ရခိုင်ပြည်နယ်တွင် ဖိနှိပ်ကျူးလွန်သောလုပ်ရပ် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေခြင်းကြောင့် အမေရိကန် အစိုးရအနေနှင့် စိုးရိမ်နေမိပြီး ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှုသည် မြန်မာအစိုးရအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မှတ်ချက်ပေးသည်။

ယင်းအပြင် ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေရသည်ကို ၎င်းအနေနှင့် စိတ်မကောင်းဖြစ်ရပြီး ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် သာမက စစ်ဘေးရှောင်ကဲ့သို့သော ဒုက္ခသည်များအတွက် ထောက်ပံ့နိုင်ရန် အမေရိကန်ဒေါ်လာ ၄၇ သန်းကို လှူဒါန်းခဲ့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မှ ပဋိပက္ခကို ထိန်းချုပ်ရန် တပ်မတော် တစ်ခုတည်းကို အပ်ထားရန် မသင့်တော်ဘဲ နိုင်ငံတကာမှ လက်ခံနိုင်သော စုံစမ်းစစ်ဆေးမှုမျိုးကို လုပ်စေလိုကြောင်း ရက်ဇ် တီလာဆန်က ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၊ အနားပေးချိန် ကာလများတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

S-01