News

POST TYPE

POLITICAL

မန္တလေးတိုင်းဝန်ကြီးချုပ်ကို NLD ဗဟိုထံ တိုင်ကြားရန်စီစဉ်
13-Nov-2017
သပိတ်ကျင်း၊ နိုဝင်ဘာ ၁၃

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အနေနှင့် လုပ်ငန်းဆောင်ရွက်မှု အားနည်းနေသည်ဆိုကာ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တိုင်ကြားရန်ရှိကြောင်း သပိတ်ကျင်းဒေသ ကောင်းကျိုးလိုလားသူများအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကြီးက ပြောကြားသည်။

သပိတ်ကျင်းမြို့သို့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က ရောက်ရှိလာသော မန္တလေး တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ တရားမဝင် မှောင်ခိုလုပ်ငန်းများနှင့် အကျင့်ပျက် ဝန်ထမ်းများကို စစ်ဆေး အရေးယူပေးရန် ခိုင်လုံသော အထောက်အထားများဖြင့် တင်ပြခဲ့သော်လည်း ထိရောက်သော အရေးယူ ဆောင်ရွက်မှု မရှိသည့်အတွက် NLD ဗဟိုအဖွဲ့ထံ တိုင်ကြားရန် စီစဉ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီလ၂၃ ရက်နေ့ဆိုရင် သုံးလပြည့်ပြီ။ ဒီကြားထဲမှာ မဖြေရှင်းပေးဘူးဆိုရင် တိုင်လိုက်တော့မယ်။ ဝန်ကြီးချုပ်အနေနဲ့ ဒီနေ့အချိန်ထိ ဘာတစ်ခုမှ အရေးယူ ဆောင်ရွက်တာ မတွေ့ရသေးဘူး။ နိုင်ငံတော် အကျိုးစီးပွားကို ဖျက်ဆီးပြီး ကိုယ်ကျိုးစီးပွားရှာနေသူတွေကို နိုင်ငံတော်ရဲ့ အကျိုးစီးပွား ကာကွယ်တဲ့အနေနဲ့ တာဝန်သိပြည်သူတွေ အမုန်းခံလုပ်ရတာ။ နောက်ဆုံး အသက်အန္တရာယ်ရှိတယ် ဆိုတာသိပေမယ့် အချိန်ကုန်ခံပြီး ခိုင်လုံတဲ့ အချက်အလက်တွေ စုဆောင်းပြီး တင်ပြခဲ့ပေမယ့် အရေးယူဖို့ဆိုတာ အသာထား စစ်ဆေး မေးမြန်းတာလည်း မလုပ်ဘူး”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

မန္တလေး တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ဩဂုတ်လ ၂၃ ရက်နေ့က သဘာဝဘေး ကျရောက်ခဲ့သည့် ဒေသခံများကို ကူညီထောက်ပံ့ရေး ပစ္စည်းများပေးအပ်ပြီး ဒေသခံများနှင့်တွေ့ဆုံရာတွင် သပိတ်ကျင်းဒေသ ကောင်းကျိုးလိုလားသူများအဖွဲ့က တင်ပြတိုင်ကြားခဲ့ရာ ယင်းသို့ တိုင်ကြားမှုများနှင့် ပတ်သက်၍ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးမည်ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုခဲ့သည်။

သပိတ်ကျင်းဒေသ ကောင်းကျိုးလိုလားသူများအဖွဲ့က NLD ဗဟိုအဖွဲ့ထံ တိုင်ကြားရန် စီစဉ်နေခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် အစိုးရအဖွဲ့ဝင် အချို့ထံ ဆက်သွယ်မေးမြန်းသော်လည်း မိတ္ထီလာမြို့နယ်ခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနေသောကြောင့် လက်ခံဖြေကြားနိုင်ခြင်း မရှိသေးဟု ဒေါက်တာ ဇော်မြင့်မောင်၏ ကိုယ်ရေးအရာရှိ ဦးအေးသိန်းက နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က ပြောကြားသည်။

တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ လာဘ်ယူခဲ့လျှင်သော်လည်းကောင်း၊ လုပ်ငန်း လုပ်ဆောင်မှု အားနည်းခဲ့လျှင်သော်လည်းကောင်း၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့လျှင်သော်လည်းကောင်း ရန်ကုန်မြို့တော်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုင်ကြားစာ လက်ခံသည့်ဌာနသို့  တိုင်ကြားနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

သပိတ်ကျင်းဒေသကောင်းကျိုး လိုလားသူအဖွဲ့အနေနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုင်ကြားစာ လက်ခံသည့်ဌာနသို့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စာပို့တိုင်ကြားရန် စီစဉ်ထားသည်။

R-05


  • VIA