News

POST TYPE

POLITICAL

ရခိုင်ပြည်နယ် ပြဿနာမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း NLD ပါတီထုတ်ပြန်
13-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၁၃

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအစိုးရ ဦးဆောင်သော ယနေ့ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် ပြဿနာမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီက ထုတ်ပြန်လိုက်သည်။

ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ NLD ပါတီရုံးချုပ်တွင် နိုဝင်ဘာလ ၁၃ ရက်က ပြုလုပ်သည့် ၉၇ နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားတွင် အမျိုးသားနေ့နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များနှင့်အတူ ရခိုင်ပြဿနာကိုပါ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သဘာပတိမိန့်ခွန်းတွင်လည်း ရခိုင်ပြဿနာကို ထည့်သွင်း၍ မီးမောင်းထိုး ပြောကြားခဲ့သည်။

လက်ရှိကာလတွင် အရေးအကြီးဆုံး အလုပ်မှာ ပြည်တွင်း ငြိမ်းချမ်းရေး အပြည့်အဝ ရရှိရေးဖြစ်ပြီး အကြီးမားဆုံး စိန်ခေါ်မှုမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ငြိမ်းချမ်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဖြစ်စဉ်များ ပုံမှန် ပေါ်ထွန်းရေးတို့ဖြစ်ပြီး တစ်ဆက်တည်းမှာပင် အကြမ်းဖက်ဝါဒအပေါ် မစေ့စပ်တမ်းချေမှုန်းရေး၊ အမျိုးသား သိက္ခာနှင့် အချုပ်အခြာ အာဏာကို ကာကွယ်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာသည် ပြည်တွင်းမှ အမျိုးသားရေး အစွန်းရောက်နှင့် နိုင်ငံတကာမှ အကြမ်းဖက်ဝါဒတို့ ချိတ်ဆက် လှုပ်ရှားလာသည့် ပြဿနာ ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ပြဿနာ အဖြစ်လည်း ကြီးထွားလာနေကြောင်း NLD ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့် က ပြောကြားသည်။

ရခိုင်ပြည်နယ် ပြဿနာနှင့်ပတ်သက်၍ အစိုးရက နည်းလမ်းသုံးခုဖြင့် ဖြေရှင်းနေပြီး ဒေသတွင်း ဖွံ့ဖြိုးမှု နိမ့်ကျခြင်း၊ ဒုက္ခသည်များ စိစစ်၍ ပြန်လည်လက်ခံခြင်း၊ လုံခြုံရေးအတွက် စနစ်တကျ နေရာချထားခြင်းတို့ကို ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ကျွန်တော်တို့အဖို့ အမျိုးသားရေး ပြဿနာက ဒီမိုကရေစီ ပြဿနာနဲ့ ဆက်စပ်နေပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာက မြန်မာတစ်နိုင်ငံလုံး ပြဿနာ ဖြစ်ပါတယ်။ ဒေသတစ်ခုရဲ့ မတည်ငြိမ်ခြင်းက ဒေသတစ်ခုလုံးကို မတည်ငြိမ်ခြင်းပဲဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၉၆ နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီးအစိုးရက ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပူးပေါင်းကာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ ပါတီ အခမ်းအနားဖြင့်သာ ကျင်းပခဲ့သည်။

အမျိုးသားနေ့သည် တစ်မျိုးသားလုံး တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး အာဏာရပါတီအနေနှင့် အမျိုးသားနေ့တွင် ရခိုင်ပြဿနာကို ကွက်၍ဖော်ပြပြောဆိုလာခြင်းကို လက်ခံနိုင်ခြင်းမရှိဟု ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက သုံးသပ်သည်။

“မြန်မာပြည်ရဲ့ အဓိက ပြဿနာက ပြည်တွင်း စစ်ပြဿနာပဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း စစ်ရပ်စဲရေးက မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာဖြစ်တယ်၊ ရခိုင်ပြည်ရဲ့ ပြဿနာက အကုန်လုံး ညီညွတ်ရင် ဖြေရှင်းလို့ရမယ့် ပြဿနာ ဖြစ်တယ်။ အဲဒါကြောင့် ရခိုင်ပြည်ရဲ့ ပြဿနာကို အမျိုးသားနေ့မှာ ပွဲထုတ်လာတာတော့ လက်မခံဘူး”ဟု ၎င်းက သုံးသပ်သည်။

J-08

  • VIA