News

POST TYPE

POLITICAL

ပလက်ဝတွင် တပ်မတော်နှင့် AA တိုက်ပွဲ ဆက်လက်ပြင်းထန်
13-Nov-2017 tagged as

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ချင်းပြည်နယ် ပလက်ဝဒေသတွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း AA အဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သော နေရာများတွင် နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းမှ မွန်းလွဲ ၂ နာရီအထိ လက်တစ်ကမ်းတိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း AA အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၅ ရက်က တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း AA အဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် နိုဝင်ဘာလ ၈ ရက်တွင် ချင်းပြည်နယ် ပလက်ဝအနီး ကုလားတန်မြစ်ကြောင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။

ယင်းနောက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု AA အဖွဲ့က သတင်း ထုတ်ပြန်ထားသော်လည်း အကျအဆုံးနှင့် ပတ်သက်၍ တပ်မတော်ဘက်က သတင်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အဆိုပါ ပလက်ဝ ဖြစ်စဉ်သည် ပြည်သူလူထု လုံခြုံရေးကို ထိခိုက်လာသည့် ဖြစ်စဉ်ဖြစ်သည့်အတွက် ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားထားသည်။

အရပ်သားသေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့သည့် ကုလားတန်မြစ်အတွင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် AA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း တပ်မတော်နှင့် အစိုးရဘက်က သတင်း ထုတ်ပြန်ထားသော်လည်း AA အဖွဲ့က တပ်မတော် လက်နက် ခဲယမ်းများ တင်ဆောင်လာသည့် စက်လှေများကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) သည် ပြီးခဲ့သည့် ၂၀၁၅ နှစ်ကုန်ပိုင်းခန့်က စတင်ကာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် NCA ရေးထိုးရခြင်း မရှိသေးသည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် နိုင်ငံရေး မဟာမိတ်အဖွဲ့ (FCNPP) အတွင်း ပါဝင်နေသည်။

တအာင်း ပလောင် (TNLA)၊ ကိုးကန့် (MNDAA) နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့သည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးရန် ဖိတ်ခေါ် မခံခဲ့ရသည့်အဖွဲ့များဖြစ်ပြီး တပ်မတော်က ယင်းအဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာထားသည်။

J-08

  • VIA
  • TAGS