News

POST TYPE

POLITICAL

ရပ်/ကျေး ရွေးကောက်ပွဲ အချိန်မီ ကျင်းပရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေး
12-Nov-2017
ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန် တိုင်းဒေသကြီးအတွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများ အချိန်မီ ကျင်းပပြီးစီးရေးအတွက် တိုင်းဒေသကြီး အစိုးရ၊ NLD ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။

အဆိုပါ တွေ့ဆုံမှုကို ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ် ပြီး ပါတီထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်တို့နှင့် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့သည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ကျင်းပမှု အခက်အခဲများနှင့် ပတ်သက်၍ အစိုးရပါတီနှင့် ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။

“အခက်အခဲကတော့ ဥပဒေအရ မလုပ်နိုင်တာတွေ ရှိတယ်။ ပြီးတော့ တချို့ မြို့နယ်တွေက ရွာတွေ အရမ်းများတဲ့အတွက် ကျင်းပရတာ အခက်အခဲ ရှိတာတွေရှိတယ်။ အဲဒီနေရာတွေမှာ အစိုးရ၊ လွှတ်တော် ပူးပေါင်းပြီးတော့ ပြဿနာရှိတဲ့ နေရာတွေဆို အစိုးရအဖွဲ့က ကွင်းဆင်းဖို့ပေါ့”ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။

လက်ရှိမြို့နယ် အချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များကို စတင် ဖွဲ့စည်းနေပြီဖြစ်ပြီး အခက်အခဲရှိသည့် နေရာများကို လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်၍ ပူးပေါင်း ဆောင်ရွက်နေကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ မြို့နယ်မှာတော့ ကြီးကြပ်ရေးအဖွဲ့တွေ ရွေးပြီးနေပြီ ညွှန်ကြားထားတဲ့ ဥပဒေအတိုင်း ကျင်းပရမှာပေါ့”ဟု ၎င်းကဆိုသည်။

ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများကို လာမည့် ဒီဇင်ဘာလအတွင်း အပြီးသတ် ရွေးချယ်ရမည်ဟု နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ခဲ့ပြီး ဖြစ်သော်လည်း ရပ် /ကျေး အုပ်ချုပ်ရေးမှူး ဥပဒေအသစ်အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော် သမ္မတ သက်တမ်းအတိုင်း ဖြစ်သည်ဟု ပြင်ဆင်ခဲ့သည့်အတွက် ရွေးကောက်ပွဲ ထပ်မံ ကျင်းပခြင်းဖြစ်သည်။

J-08


  • VIA