News

POST TYPE

POLITICAL

ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC အဖွဲ့ NCA လက်မှတ်ထိုးရေး ဆွေးနွေးမှု မပြီးပြတ်
ရန်ကုန်၊ နိုဝင်ဘာ ၉

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့အနေနှင့် အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးရန် ဆွေးနွေးမှုမှာ မပြီးပြတ်ခဲ့ဘဲ ဆက်လက်ဆွေးနွေးရန် လိုအပ်နေသေးကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC အဖွဲ့တို့သည် NCA လက်မှတ် ရေးထိုးရန် နိုဝင်ဘာလ ၈ ရက်နှင့် ၉ ရက်အတွင်း ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန (NRPC) တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် NCA လက်မှတ်ထိုးရန် အပြီးသတ် ဆွေးနွေးမည်ဟု ပြောကြားထားသော်လည်း အပြီးမသတ်နိုင်ဘဲ နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြောင်း ယင်းဆွေးနွေးပွဲအပြီးတွင် နှစ်ဖက် ကိုယ်စားလှယ်များက သတင်းထောက်များကို ပြောကြားခဲ့သည်။

UNFC အနေနှင့် NCA လက်မှတ်ရေးထိုးရန် အချက်ရှစ်ချက်ကို တောင်းဆိုထားပြီး ယင်းအချက် ရှစ်ချက် ဆွေးနွေးမှုအချက် တော်တော်များများ သဘောတူနိုင်ခဲ့ပြီး နှစ်ဖက် ခေါင်းဆောင်များထံ ထပ်မံ တင်ပြကာ အပြီးသတ် ထပ်မံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ကျန်ရှိနေသေးသည့် အချက်ကိုမူ နှစ်ဖက်လုံးက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိဘဲ လာမည့် တစ်ပတ်နှစ်ပတ်အတွင်း အပြီးသတ် ဆွေးနွေးသွားမည်ဟုသာ ၎င်းတို့က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲနှင့် ပတ်သက်၍့ င်္ဃြ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ]]လောလောဆယ်မှာတော့ အများကြီး လည်း ပြောစရာမရှိပါဘူး။ ဆွေးနွေးမှု ပုံစံကတော့ အားလုံး ကောင်းကောင်းမွန်မွန် ပါပဲ။ ကျွန်တော်တို့ တောင်းဆိုချက် ရှစ်ချက် နဲ့  ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ရောက်နေပါပြီလို့ပဲ ပြောချင်ပါတယ်}}ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲ ပထမနေ့အပြီးတွင် UNFC အဖွဲ့က အဆိုပြုချက် ရှစ်ချက်အနက် အစိုးရနှင့် သဘောတူရန် နှစ်ချက်သာ ကျန်ရှိကြောင်းနှင့် အဆိုပြုချက် တစ်နှင့် နှစ်တို့ကို ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ပြီးခဲ့သော ခုနစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြန်လည် ပြင်ဆင်ရန် လိုလားသောကြောင့် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“အပြီးသတ် ဆွေးနွေးရမယ်ဆိုတာတွေကို နှစ်ဖက် ခေါင်းဆောင်တွေကို ပြန်တင်ပြဖို့ ရှိပါတယ်။ ဘာတွေလဲဆိုတာတော့ မပြောနိုင်ပါဘူး။ ခေါင်းဆောင်တွေဆီ ပြန်တင်ပြပြီးတော့ နောက်ထပ် တစ်ကြိမ် ပြန်တွေ့မယ်”ဟု အစိုးရ ကိုယ်စားလှယ်ဖြစ်သူ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

အစိုးရနှင့် UNFC တို့သည် NCA လက်မှတ်ထိုးရေးအတွက် ဆွေးနွေးနေသည်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်ပြီး လာမည့် တတိယ ပင်လုံမတိုင်မီ လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မူလက UNFC အဖွဲ့အတွင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားကြီးအဖွဲ့ အများအပြား ရှိသော်လည်း သဘောထားကွဲလွဲမှု အချို့ဖြစ်ပေါ်ခဲ့ပြီးနောက် UNFC ကို ဦးဆောင်နေသည့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကဲ့သို့သော အဖွဲ့များက နုတ်ထွက်သွားခဲ့သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)စသည့် NCA လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု ပါဝင်နေသည်။

J-08