News

POST TYPE

POLITICAL

မွန်ပြည်သစ်ပါတီ၏ တပ်စခန်းများ ပြန်လည် လွှဲပြောင်းပေးရေး ပြည်နယ်အစိုးရထံ တောင်းဆို
08-Nov-2017
မော်လမြိုင်၊ နိုဝင်ဘာ ၈

တပ်မတော်မှ သိမ်းထားသော မွန်ပြည်သစ်ပါတီ၏ တပ်စခန်းများကို ပြန်လည် လွှဲပြောင်းပေးရေးအတွက် နိုဝင်ဘာလ ၈ ရက်က မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရ တွေ့ဆုံရာတွင် တောင်းဆိုခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။

“၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုတုန်းက တပ်တည်နေရာတွေ သဘောတူထားတာ ရှိတယ်၊ အဲဒီနေရာတွေကို တပ်မတော်က နေရာယူထားတွေကို ကျွန်တော်တို့တပ်တွေ ပြန်လည် နေရာယူနိုင်ဖို့ ပြန်လည် လွှဲပြောင်းပေးဖို့ ပြည်နယ်အစိုးရက ကူညီပေးဖို့ တောင်းဆိုထားတာ ရှိပါတယ်”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

ယင်းအပြင် အစိုးရက ဖမ်းဆီးထားသော  မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များကိုလည်း ပြန်လည် လွှတ်ပေးရေးကို တောင်းဆိုခဲ့ကြောင်း၊ ယင်းအပြင် NCA နှင့်ပတ်သက်၍ နိုဝင်ဘာလ  ၂၃၊ ၂၄ ရက်တွင် ပြုလုပ်မည့် မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံးပါက ဆုံးဖြတ်ချက် ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ယခုနှစ် ဇန်နဝါရီလ (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ မတိုင်ခင် မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသားနေ့ အခမ်းအနားတွင် စစ်ရေးပြ အခမ်းအနား ပြုလုပ်ခဲ့သည့်အပေါ် တပ်မတော်မှ ကန့်ကွက်ထားရာ မွန်ပြည်သစ်က စစ်ရေးပြ ပြုလုပ်သည့်အတွက် ပါတီ၏ တပ်တည်စခန်းများကို တပ်မတော်က သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။ 

“အခု မွန်ပြည်သစ်ပါတီက တောင်းဆိုတင်ပြလာတဲ့သူတို့ အခက်အခဲတွေကတော့ ပြည်နယ်အဆင့် ရှိသလို ပြည်ထောင်စုအဆင့်လည်း ရှိပါတယ်၊ အဓိကတော့ နိုင်ငံရေး အုပ်ချုပ်ရေး တပ်ပိုင်းဆိုင်ရာ အချက်တွေ ပူးပေါင်း အဖြေရှာဖို့အတွက်၊ ကျွန်တော်တို့ဘက်က ပြည်နယ်အဆင့်ကိုတော့ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပေးမယ်၊ ပြည်ထောင်စုအဆင့်ကတော့ ပြန်လည် တင်ပြရမှာပါ”ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

ဝန်ကြီးချုပ်က မွန်ပြည်သစ်ပါတီနှင့် ဆွေးနွေးရာတွင် NCA လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်ပြီး ဖြစ်နိုင်သည့် နည်းလမ်း၊ မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီမှ ပူးပေါင်း ဆောင်ရွက်ဖို့ကိစ္စများနှင့် မွန်ပြည်သစ်ပါတီ၏ အခက်အခဲများကို တင်ပြခဲ့ကြောင်း ရှင်းပြခဲ့သည်။

“NCA နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်တယ်၊ ထိုးဖို့လည်း လက်တစ်ကမ်း အလိုမှာပဲရှိမှာပါ၊ NCA ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲထဲကို ဝင်ခွင့်ရှိမှာပါ”ဟု နိုင်ဝင်းလှက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရ၏ တွေ့ဆုံမှုသည် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ လက်ထက်တွင် တတိယအကြိမ်ဖြစ်ပြီး မွန်ပြည်သစ်ပါတီဘက်မှ နိုင်အောင်မင်း (မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး)၊ နိုင်ဇွဲယျ (တွဲဖက် အတွင်းရေးမှူး)၊ နိုင်ဝင်းလှ (ပြည်တွင်းရေးရာ တာဝန်ခံ) နှင့် ပါတီအဖွဲ့ဝင် ၁၀ ဦးတို့နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဝန်ကြီး ၈ ဦးတို့ ဝန်ကြီးချုပ်၏ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့သည်။


  • VIA