News

POST TYPE

POLITICAL

တနိုင်းရှိ စစ်ရှောင် ကိုးရာကျော် ရိက္ခာနှင့် အဝတ်အထည် အရေးပေါ် လိုအပ်
08-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၇

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO)တို့၏ တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ကချင်ပြည်နယ် တနိုင်းမြို့တွင် လာရောက် ခိုလှုံနေသည့် စစ်ဘေးရှောင် ၉၀ဝ ကျော်မှာ ရိက္ခာအပြင် အဝတ်အထည်နှင့် စောင်များလည်း လိုအပ်လျက်ရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ လူမှုဝန်ထမ်း ဖွံ့ဖြိုးရေးတာဝန်ခံ ဦးခါးလီက ပြောကြားသည်။

ယခုနှစ်ဇွန်လက ဖြစ်ခဲ့သည့်တိုက်ပွဲများကြောင့် တနိုင်းမြို့နှင့် မိုင်၂၀ ခန့်အကွာရှိ နမ်ဗျူနမ်ခမ်၊ အင်ဂါဂါး၊ နမ့်ကွမ်းနှင့် အွယ်လောကျေးရွာများရှိ အိမ်ထောင်စု ၂၆၈ ခုမှ စစ်ဘေးရှောင် ဒုက္ခသည် ၉၃၇ ဦးတို့သည် တနိုင်းမြို့ပေါ်ရှိ ခရစ်ယာန် ဘာသာရေးကျောင်းများတွင် ငါးလကြာ ခိုလှုံနေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခက်အခဲတွေကတော့ အများကြီးပါပဲ။ အိမ်လည်းမပြန်ရ ဒီမှာနေရထိုင်ရတာက Camp မှာလည်း မဟုတ်တော့ ငါးလနီးနီးဆိုတော့ အခက်အခဲတွေက အများကြီးပဲ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

စစ်ဘေးရှောင်များ နေထိုင်ရန် Camp များ တည်ဆောက်ပေးနိုင်ခြင်း မရှိဘဲ ဘုရားကျောင်းများတွင် ခိုလှုံနေရသည့်အတွက် ယခု ဆောင်းရာသီဝင်ချိန်အတွက် အနွေးထည်များနှင့် စောင်များလည်း အရေးပေါ် လိုအပ်နေကြောင်း ၎င်းက ရှင်းပြသည်။

စစ်ဘေးရှောင်များအတွက် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဗဟိုအမျိုးသမီး ကော်မတီနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့က စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းခဲ့သော်လည်း လက်ရှိတွင် ကုန်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း KBC တာဝန်ရှိသူများထံမှ သိရသည်။

တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်နေသည့် ဒေသခံကိုးရာကျော် နေရပ်ပြန်နိုင်ရန် မြစ်ကြီးနားမြို့ အခြေစိုက် အကူအညီပေးရေး အဖွဲ့များက ဩဂုတ်လအတွင်းမှ စ၍ဒေသခံများ၏ သဘောထားများကို သွားရောက် မေးမြန်းခဲ့ပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

စစ်ဘေးရှောင်စခန်းများ နေရပ်ပြန်နိုင်ရန် တပ်မတော်က မိုင်းရှင်းလင်းရေး ဆောင်ရွက်နိုင်သော်လည်း ဒေသအတွင်းရှိ တပ်များ ဖယ်ရှားပေးရေးကို လတ်တလော အခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသောကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်ကလည်း မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာအတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံ တစ်ထောင်ကျော်သည် နမ္မတီးမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ရပြီး ပြည်နယ် အစိုးရ၊ တပ်မတော်၊ PCG နှင့် ဘာသာရေး ခေါင်းဆောင်များ ညှိနှိုင်းမှုဖြင့် စစ်ဘေးရှောင်များ ဩဂုတ်လ ၂၂ ရက်တွင် နေရပ်သို့ ပြန်နိုင်ခဲ့သည်။

၂၀၁၁ ခုနှစ်က စတင်ပြီး တပ်မတော်နှင့် KIO/KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတို့မှ ဒေသခံ တစ်သိန်းကျော်သည် ယာယီ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်သည်။

အောက်တိုဘာလ ၆ ရက်က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ပြည်ပရောက် တိုင်းရင်းသားများက ပြည်တွင်းမှ စစ်ဘေးရှောင် တိုင်းရင်းသားများကို ပြန်လည် ကူညီရန် တိုက်တွန်းဆန္ဒပြခဲ့သည်။

J-09

  • VIA