News

POST TYPE

POLITICAL

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟို အစည်းအဝေး ဒီဇင်ဘာလတွင် ကျင်းပမည်
07-Nov-2017
ရန်ကုန်၊ နိုဝင်ဘာ ၇

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၏ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ဒီဇင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

ယခုကျင်းပမည့် အစည်းအဝေးသည် ALD ၏ ပါတီမှတ်ပုံတင်ခွင့် ရရှိပြီး နောက်ပိုင်း ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေးလည်းဖြစ်ကြောင်း၊ ပါတီ ရှေ့လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များ၊ မြို့နယ်ပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးမျိုးကျော်က ရှင်းပြသည်။

“အခုက ကော်မရှင်က ပါတီဝင် တစ်ထောင်ပြန်စုစည်း တင်ပြခိုင်းတာရယ်၊ ရခိုင်မြောက်ပိုင်းကိစ္စတွေရယ်ကြောင့် ပါတီဖွဲ့စည်းရေးကို သေချာမလုပ်နိုင်ဘူး။ ဒါကြောင့် အခု CEC တွေခေါ်ပြီးတော့ အလုပ် လုပ်လို့ရအောင် လုပ်ငန်းကော်မတီတွေကို ဖွဲ့စည်းဖို့ရှိပါတယ်။ ဒီဇင်ဘာလအတွင်းမှာ လုပ်မှာပါ။ ရက်အတိအကျတော့ မလုပ်ရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိ ALD ပါတီဗဟို ကော်မတီဝင် (CEC) များသည် တောင်ကုတ်၊ ပါတီ ဗဟိုဌာနချုပ် ကျောက်တော်နှင့် ရန်ကုန် စသည့် မြို့နယ်များတွင် ပြန့်ကျဲတည်ရှိနေသည့်အတွက် အစည်းအဝေး ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် ခေါင်းဆောင် အချင်းချင်း ညှိနှိုင်းတိုင်ပင်ရန် လိုအပ်နေသေးကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

လက်ရှိ ALD ပါတီဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့်က တာဝန်ယူပြီး ဒုဥက္ကဋ္ဌ-၁ အဖြစ် ပါတီ ဒုခေါင်းဆောင် ဦးအောင်စိုး၊ ကျောက်တော်မြို့မှ ဦးကျော်အေးက ဒုဥက္ကဋ္ဌ-၂ အဖြစ် တာဝန်ယူပြီး ဦးမျိုးကျော်က အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)သည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် စာရင်း သွင်းခဲ့ပြီး ဇူလိုင်လ ၁၈ ရက်တွင် ကော်မရှင်က နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ပေါင်းစည်းခဲ့ပြီး မတ်လပိုင်းမှစ၍ ပါတီတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဗဟို ကော်မတီဝင် ၃၉ ဦး အနက် ALD ပါတီဝင် ဗဟိုကော်မတီဝင် ခြောက်ဦးကို ANP ပါတီက ထုတ်ပယ်ခဲ့သည်။

ယင်းသို့ ထုတ်ပယ်ခံရသည့် ALD ပါတီ ဗဟို ကော်မတီဝင်များ စုစည်းကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကို ပြန်လည် မှတ်ပုံတင်ပြီးနောက်ပိုင်း အောက်တိုဘာလ ၃ ရက်နေ့အထိ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ အပါအဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လေးဦး ရခိုင်အမျိုးသားပါတီ(ANP) ပါတီမှ နုတ်ထွက်ခဲ့ပြီး ALD ပါတီသို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။

ပါတီတွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် ပါတီဝင်စာရင်းများကိုလည်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ထံသို့ တင်ပြထားကြောင်း ဦးမျိုးကျော်က ရှင်းပြ ပြောဆိုသည်။

J-09


  • VIA