News

POST TYPE

POLITICAL

အစိုးရကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာဒုတိယပတ်တွင် “ဝ” နှင့် “မိုင်းလား”သွားမည်
06-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၆

ငြိမ်းချမ်းရေး ကော်မရှင် အပါအဝင် အစိုးရနှင့် တပ်မတော်တို့မှ ကိုယ်စားလှယ်အဖွဲ့သည် လာမည့်နိုဝင်ဘာလ ဒုတိယပတ်အတွင်း “ဝ” နှင့် “မိုင်းလား” ဒေသများသို့ သွားရောက်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှသိရသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်ပါဝင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဦးအောင်စိုးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများလည်း ပါဝင်မည်ဟု သိရကြောင်း “ဝ”ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA/UWSP) ၏ ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောကြားသည်။

“အကြောင်းကြားစာကတော့ ရောက်လာပြီ။ လူကြီးတွေ အချင်းချင်း ဘာတွေ ဆွေးနွေးမယ်လို့တော့ ကျွန်တော်လည်း မသိဘူးပေါ့နော်။ ပန်ဆန်းမှာ တွေ့ဖို့တော့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP) နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) တို့သည် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆွေးနွေးမှု ကော်မတီ (FCNPP)အတွင်း ပါရှိသည့် အဖွဲ့များ ဖြစ်ပြီး အစိုးရ၏ NCA လမ်းကြောင်းကို လိုက်ပါ ဆွေးနွေးခြင်းမရှိဘဲ အပစ်ရပ်လမ်းကြောင်းသစ်ကို ထုတ်ပြန်ထားသည်။

အဆိုပါခရီးစဉ်တွင် အဓိကအနေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

“သွားတဲ့အခါမှာ နံပါတ်တစ်ကတော့ ဒေသဖွံ့ဖြိုးရေးတွေပါမယ်။ နံပါတ် နှစ်ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဒီဘက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်နေတယ်။ အဓိက ကျွန်တော်တို့ သွားနေတာက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သွားတာ။ အဲဒီဘက်မှာလည်း အခြေခံမူတွေ ထွက်သင့်သလောက်လည်း ထွက်လာတယ်။ ဆက်ပြီး ထွက်ဖို့လည်း ရှိတယ်။ အဲဒီမှာ ဒီအဖွဲ့တွေကို မကျန်ခဲ့စေချင်ဘူး”ဟု ၎င်းကဆိုသည်။

မြောက်ပိုင်းအဖွဲ့များ၏ FCNPP ကော်မတီတွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO)၊ တအာင်းပလောင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA)) စသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။

အဆိုပါ FCNPP ကော်မတီက အစိုးရအနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို တစ်ဖွဲ့ချင်းအနေနှင့်မဟုတ်ဘဲ ကော်မတီအလိုက် ဆွေးနွေးမှသာ လက်ခံမည်ဟု ထုတ်ပြန်ထားပြီး အစိုးရကလည်း ကော်မတီအလိုက် တွေ့ဆုံသွားမည် မဟုတ်ဟု ပြောဆိုထားပြီးဖြစ်သည်။ 

J-08

  • VIA